နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်နိုင်ငံက ယူရေနီယမ်သတ္တုကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သန့်စင်ရန် ရည်ရွယ်နေ

တီဟီရန်  ဇန်နဝါရီ  ၂

အီရန်နိုင်ငံက နျူကလီးယားဖျက်သိမ်းရေးစာချုပ်ကို အကြီးမားဆုံး ချိုးဖောက်မှုအနေဖြင့် ယူရေနီယမ် သတ္တုကို ၂၀ ရာခိုင်နှုန်းအထိ စတင်သန့်စင်ရန်ရည်ရွယ်နေကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင် စောင့်ကြည့်ရေးအဖွဲ့ (IAEA) က  ပြောသည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံ ၆ နိုင်ငံနှင့် အီရန်နိုင်ငံတို့ ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သည့် သဘောတူညီချက်အရ ယူရေနီယမ်သတ္တုသန့်စင်မှုကို ၄ ရာခိုင်နှုန်းအောက်သာ ထားရှိရမည်ဖြစ်သည်။ အီရန်နိုင်ငံက ယူရေနီယမ် သတ္တုကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သန့်စင်ပါကလည်း နျူကလီးယားဗုံး ဖန်တီးရန်အတွက် လိုအပ်သည့် ယူရေနီယမ်သတ္တုသန့်စင်မှု ( ၉၀ ရာခိုင်နှုန်း)ပမာဏကို မမီသေးပေ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၅ ခုနှစ် နျူကလီးယားဖျက်သိမ်းရေးစာချုပ်မှ နုတ်ထွက်ပြီး အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့ပြီးနောက် အီရန်နိုင်ငံက စာချုပ်ပါ အချက်အလက်များကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနှင့် တရုတ်နိုင်ငံများက အဆိုပါစာချုပ်ကို အဖတ်ဆည်နိုင်ရန် မျှော်လင့်လျက်ရှိသည်။

အီရန်နိုင်ငံက တောင်ကိုဖောက်၍ တည်ဆောက်ထားသည့် ဖောဒိုးလောင်စာသန့်စင်ရေးစက်ရုံ (Fordow Fuel Enrichment Plant)တွင် ယူရေနီယမ်သတ္တုကို ၂၀ ရာခိုင်နှုန်းအထိသန့်စင်ရန် စီစဉ်နေသည်ဟုယင်းတို့ကို သတင်းပို့ထားကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)က ပြောသည်။ အီရန်နိုင်ငံ၏ ရေနံနှင့် ဘဏ္ဍာရေးကဏ္ဍအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ၂ လအတွင်း ဖြေလျှော့ပေးခြင်းမရှိပါက အီရန်အစိုးရအနေဖြင့် ယူရေနီယမ်သတ္တုသန့်စင်မှုကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရမည်ဆိုသည့် ဥပဒေ ကြမ်းကို အီရန်လွှတ်တော်က ရေးဆွဲထားသည်။ ထို့အပြင် နာတန့်ဇ်နှင့် ဖောဒိုးနျူကလီးယားစွမ်းအင်စက်ရုံ များကို ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးသူများကို ကြည့်ရှုစစ်ဆေးခွင့်ပိတ်ပင်မည်ဟု ဥပဒေကြမ်းတွင် ဖော်ပြထားသည်။  

(KNT)






အခြားဆက်စပ်သတင်းများ