ဝါရှင်တန် ဇန်နဝါရီ ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာကွယ်ရေးအသုံးစရိတ် ဥပဒေကြမ်းကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့မှုအပေါ် အမေရိကန်လွှတ်တော်က ပယ်ဖျက်ခဲ့သည်။ ယင်းကဲ့သို့ ပယ်ဖျက်ခံရမှုမှာ ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၇၄၀ ဘီလျံ တန်ကြေးရှိသည့် ဥပဒေကြမ်းမှာ လာမည့်နှစ်များအတွက် အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးမူဝါဒကို ထောက်ပံ့ပေးမည် ဖြစ်သည်။
ရီပတ်ဗလစ်ကန်ပါတီ ထိန်းချုပ်ထားသည့် အထက်လွှတ်တော်၏ နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ဒေါ်နယ်ထရမ့်၏ ဗီတိုအာဏာဖြင့် ပယ်ချမှုအပေါ် ဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်ကာ ပယ်ချခဲ့ခြင်းဖြစ်သည်။ လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း အိမ်ဖြူတော်မှ ထွက်ခွာရတော့မည့် ဒေါ်နယ်ထရမ့်က အဆိုပါဥပဒေကြမ်း၏ ပြဋ္ဌာန်းချက်အချို့ကို ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
National Defense Authorization Act (NDAA) အတွက် အထက်လွှတ်တော်၌ မဲခွဲရာတွင် ထောက်ခံမဲ ၈၁ မဲ၊ ကန့်ကွက်မဲ ၁၃ မဲ ရလဒ်ထွက်ပေါ်ခဲ့ပြီး လွှတ်တော် ၂ ရပ်လုံးတွင် သမ္မတအမိန့်ကို ပယ်ဖျက်ရန်လိုအပ်သည့် မဲအရေအတွက် ၃ ပုံ၊ ၂ ပုံ ရရှိခဲ့သည်။ အမေရိကန်လွှတ်တော်သစ်ကို ကျမ်းသစ္စာကျိန်ဆို၊ တင်မြှောက်ရန် ၂ ရက်အလိုတွင် ယခုကဲ့သို့ သမ္မတ၏ ဗီတိုအာဏာကို လွှတ်တော်က ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။
(KNT)