ရန်ကုန် ဇန်နဝါရီ ၂
လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတို့တွင် မျက်စိသည် တန်ဖိုးအကြီးမားဆုံးပင်ဖြစ်သည်။ အဘယ်ကြောင့်ဟူမူ နေ့စဉ်ဆောင်ရွက်လုပ်ကိုင်နေသော လုပ်ငန်းဆောင်တာအားလုံးတို့သည် မျက်စိဖြင့် အလုပ်လုပ်နေကြရ၏။ မျက်စိအမြင်အာရုံချို့ယွင်းလျှင်၊ မျက်စိကွယ်လျှင်လုပ်ငန်းဆောင်တာအရာရာတို့လည်း လျှင်မြန်ပြီးမြောက် ဆောင်ရွက်နိုင်ခြင်းမရှိတော့သဖြင့် မျက်စိသည် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွင် တန်ဖိုးအကြီးမားဆုံးပင်ဖြစ် သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူတိုင်းမျက်စိအာရုံကောင်းမွန်ရေး မျက်စိစမ်းသပ်မှုသည် အရေးကြီး သော လုပ်ဆောင်ချက်ဖြစ်ကြောင်း အသိပေးထားသည်။ မျက်စိအမြင်အာရုံစောင့်ထိန်းခြင်း၏ ပဓာနအကျဆုံး ပင်ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းတွက်ချက်မှုအရ ကမ္ဘာပေါ်တွင် မျက်စိကွယ်သူပေါင်း ခုနစ်သိန်းခန့် ရှိပြီး မျက်မမြင်လူဦးရေ ၄၅ သန်းကျော်ရှိကာ မျက်စိမှုန်သူပေါင်းဦးရေ ၂၄၆ သန်းကျော်ရှိသည်။ ယနေ့ကမ္ဘာ ပေါ်တွင် ငါးစက္ကန့်လျှင် လူတစ်ဦး တစ်မိနစ်တိုင်းကလေးတစ်ဦး မျက်စိကွယ်နေသည်ဟု သိရပေသည်။ ယနေ့ တိုးတက်နေသော နည်းပညာများအရ မျက်စိအမြင်ချို့တဲ့သူ ၈၀ ရာခိုင်နှုန်းသည် ကာကွယ်ကုသ၍ရသည့် မျက်စိရောဂါများဖြစ်နေသည်ကို တွေ့ရပေသည်။ မျက်စိအာရုံချို့ယွင်းမှု ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နေထိုင်လျက်ရှိ၏။ လူ့ဘဝအတွက် အရေးကြီးသည့် မျက်စိကို ရောဂါကင်းရှင်းစေရန်နှင့် အမြင်သန်စွမ်းစေ ရန် မိမိ၏မျက်စိကို မိမိစောင့်ရှောက်ရန်လိုအပ်သည်။ မျက်စိကွယ်ခြင်းမှ ကင်းဝေးစေရန် မျက်စိနှင့် မျက်စိ ရောဂါများအကြောင်း သိရှိရန်လိုအပ်သည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် မျက်စိကွယ်နိုင်သောအဖြစ်များရောဂါများမှာ အတွင်းတိမ် ရောဂါ၊ ရေတိမ်ရောဂါ၊ မျက်ခမ်းစပ်ရောဂါ၊ မျက်ကြည်လွှာအနာရောဂါ၊ မျက်စိထိခိုက်ဒဏ်ရာရောဂါနှင့် ကလေးများတွင် ဗီတာမင်အေချို့တဲ့ရောဂါများနှင့် အာဖရိကနိုင်ငံများတွင် အဖြစ်များသော မျက်စိအတွင်း တုတ်ကောင်ဝင်ရောဂါတို့ဖြစ်သည်။ ယင်းအပြင် ဆီးချိုသွေးချိုတို့ကြောင့် နောက်ဆက်တွဲမျက်စိရောဂါများ ဖြစ်ပေ၏။
မျက်စိဝေဒနာရှင်များအား မျက်စိအထူးကုဆရာဝန်ကြီးများ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်၍ မြို့နယ်ကျေးရွာများအထိ ပူးပေါင်းကွင်းဆင်းကုသရာတွင် တာဝန်ရှိအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်စေချင်ကြောင်း။ ။