နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်က အီရန်ကို တိုက်ခိုက်မည့် အကြောင်းပြချက် ဖန်တီးနေဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဆို

တီဟီရန်   ဇန်နဝါရီ  ၁


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံကို တိုက်ခိုက်နိုင်မည့် အကြောင်းပြချက် ဖန်တီးရန် ကြိုးပမ်းနေသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်က စွပ်စွဲခဲ့သည်။ အမေရိကန်နိုင်ငံက တိုက်ခိုက် လာပါက ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည်ဟု ယင်းက ဆိုသည်။ 

''အမေရိကန်နိုင်ငံမှာ ကြုံနေရတဲ့ ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်ရမယ့်အစား ဒေါ်နယ်ထရမ့်နဲ့ အပေါင်းအပါတွေက ကျွန်တော်တို့ဒေသမှာ B52 ဗုံးကြဲလေယာဉ်တွေ ပျံသန်းဖို့၊ စစ်သင်္ဘောတွေ စေလွှတ်ဖို့ ဒေါ်လာဘီလျံချီ ဖြုန်းတီးနေတယ်။ အီရတ်နိုင်ငံကရတဲ့ ထောက်လှမ်းရေးသတင်းအချက်အလက် တွေအရ စစ်တိုက်ဖို့ အကြောင်းပြချက်ဖန်တီးနေတယ်လို့ တွေ့ရတယ်''ဟု ဂျာဗက်ဇာရစ်က တွစ်တာပေါ်တွင်ရေးသားခဲ့ သည်။  ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် အမေရိကန်စစ်တပ်က နျူကလီးယားဒုံးကျည်တင်ဆောင်နိုင်သည့် B-52 ဗုံးကြဲလေယာဉ်နှစ်စင်းကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ခဲ့ခြင်းမှာ အီရန်နိုင်ငံကို သတိပေးသည့် အနေအထားဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဗုံးကြဲလေယာဉ်များက အရှေ့အလယ်ပိုင်းမှ ထွက်ခွာ သွားခဲ့သည်။ 

ဒေါ်နယ်ထရမ့်အနေဖြင့် နှစ်သစ်ကူးအခါသမယတွင် အမေရိကန်နိုင်ငံသားများ ဝမ်းနည်းပူဆွေးရအောင် မလုပ်ရန် အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီ၏ စစ်ဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က သတိပေးခဲ့သည်။ အီရတ်နိုင်ငံရှိ အမေရိကန်အဆောက်အအုံများအပေါ် အမြောက်ဆန်များ ကျရောက်နေသည့် တိုက်ခိုက်မှု များမှာ အီရန်နိုင်ငံ၏ ထောက်ခံမှုရရှိထားသည့် ပြည်သူ့စစ်တပ်ဖွဲ့လက်ချက်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြစ်တင်ဝေဖန်ခဲ့သည်။                                                                                                                 

(KNT)






အခြားဆက်စပ်သတင်းများ