နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးမှုဖြင့် ပြည်တွင်းစားသုံးမှုနှင့် တိရစ္ဆာန်အစာအတွက်ထောက်ပံ့ပေးနိုင်

ရန်ကုန် ဇန်နဝါရီ ၁


ရေခံမြေခံကောင်း၍ စိုက်ပျိုးရေးကိုအခြေခံသောမြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးရန်ဆီကိုပြည်ပမှ တင်သွင်းရ သည့်နည်းတူမွေးမြူရေးကဏ္ဍတွင်လိုအပ်သောတိရစ္ဆာန်အစာကိုလည်းပြည်ပမှတင်သွင်းရလျက်ရှိရာဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးမှုဖြင့် ပြည်တွင်းစားသုံးမှုကိုဖြည့်ဆည်းနိုင်ပြီးလိုအပ်နေသောတိရစ္ဆာန်အစာအတွက်လည်းအထောက်အပံ့ ရရှိစေမည်ဖြစ်သည်။

ပြည်တွင်းစားသုံးရန် နေကြာ၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ ပဲပိစပ်၊ ပဲပုပ်၊ ဆီအုန်းကိုစိုက်ပျိုးထုတ်လုပ်ရာ၌ နေကြာ၊ မြေပဲနှင့် နှမ်းကိုအများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိရာဈေးနှုန်းမြင့်သောကြောင့် စားသုံးသူအများစုမှာစားအုန်းဆီကိုအမှီပြုလျက်ရှိပြီးကျန်းမာရေးနှင့်ညီညွတ်သောဆီကိုအသုံးပြုနိုင်ရန် ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်ပမှတင်သွင်းမှုလျော့မည်ဖြစ်သည်။ နိုင်ငံခြားဝင်ငွေကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြားပို့ကုန်ကဏ္ဍများမှရရှိလျက်ရှိရာနိုင်ငံခြားဝင်ငွေဒုတိယနေရာတွင်ရပ်တည်နေသောမွေးမြူရေးလုပ်ငန်းအတွက်အစာကိုတိုးချဲ့စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် ဆီးထွက်သီးနှံကိုဈေးနှုန်းချိုသာစွာစားသုံးနိုင်ကာ ကုန်ကြမ်းကို မွေးမြူရေးကဏ္ဍမှရရှိသောကြောင့် စိုက်ပျိုးတောင်သူများစပါးအပြင် ဆီထွက်သီးနှံမှဝင်ငွေပိုမိုရရှိမည်ဖြစ်သည်။

“ကျွန်တော်တို့ရည်ရွယ်ချက်ကမြန်မာပြည်မှာပဲပုပ်စိုက်စေချင်တာ။ဆီရမယ် ပြီးတော့တိရစ္ဆာန်အစာရမယ်။ ပဲပုပ်ဟာ စပါးထက်တွက်ခြေကိုက်တယ်။ မွေးမြူရေးအစာလိုအပ်တော့ပြည်ပကတစ်နှစ်ကိုတန်ချိန် ၉ သိန်းတင် သွင်းနေရတယ်။ နောင်ဆိုရင်တန်ချိန် ၁၂ သိန်းထိလိုလာမယ်။ ပန်းတနော်က ငါးမွေးမြူရေးဇုန်ကြီးပြီးစီးသွားခဲ့ရင် တစ်ရက် တန်ချိန်  ၅၀၀ ထိလိုလာလိမ့်မယ်။ ပြည်တွင်းမှာမရရင်နိုင်ငံခြားကသွင်းရမှာဖြစ်တယ်။ ဒါကြောင့် တောင်သူ တွေကိုမျိုးစေ့၊ နည်းပညာဖြန့်ဖြူးဖို့လိုမယ်။ ပြီးတော့ ပဲ့ပုပ်ဆီထုတ်လုပ်မယ့်သူလည်းလိုတယ်။ တောင်သူအနေနဲ့ ဆီနဲ့ပဲပုပ်ဖတ်ရတဲ့အတွက် တွက်ခြေကိုက်တာကြောင့်စိုက်ပျိုးဖို့ပဲလိုတာပါ။ငါးအစာမှာပဲပုပ်ဖတ်က ၃၀ရာခိုင်နှုန်းပရိုတိန်းဓာတ်ပါဝင်တယ်။ ဒါကြောင့် ပြည်တွင်းမှာဆီထွက်ပစ္စည်းတိုးမြှင့်စိုက်ပျိုးဖို့လိုပါတယ်”ဟု မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဦးဝင်းကြိုင်က ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဆီစက်ပေါင်း ၃၁၅၄ ရုံရှိပြီး ဆီစက် ၂၀၀ ကျော်လည်ပတ်လျက်ရှိကာ ဆီထွက်သီးနှံ စိုက်ပျိုးမှုနည်းသောကြောင့် ကျန်သောဆီစက်များလည်ပတ်မှုနိုင်မှုမရှိကြောင်း၊ စပါးမျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ် လုပ်နေချိန်တွင် မြေပဲမှာမျိုးကောင်းမျိုးသန့်မရှိခြင်း၊ ထွက်နှုန်းအာမခံချက်မရှိခြင်းနှင့် ဆီထွက်သီးနှံအတွက်သွင်းအား စုစရိတ်ကြီးမားခြင်းတို့ကြောင့် ပြည်တွင်းဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုလျော့ကျခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံမှာအများဆုံးစားသုံးနေတာကစားအုန်းဆီနဲ့စပ်ဆီ၊ ပြီးတော့မှနေကြာဆီ၊ မြေပဲဆီနဲ့နှမ်းဆီ  ရှမ်းပြည်တောင်ပိုင်းတောင်လေးလုံးမှာနေကြာဧက ၄၀၀ စိုက်ထားတာရှိပါတယ်။ ပဲပုပ်နဲ့နေကြာဟာတိရစ္ဆာန်အစာ လည်းရပါတယ်။ မွေးမြူရေးအစာကိုပြည်ပကတင်သွင်းရတဲ့အကြောင်းရင်းက ပြည်တွင်းမှာ  ဆီထွက်သီးနှံစိုက်ပျိုး   ထုတ်လုပ်မှုနည်းလို့ပါ။ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုများရင်နိုင်ငံ၊ တောင်သူနဲ့စားသုံးသူအကျိုးခံစားရမှာအမှန်ပါ။ ပြီးတော့မွေးမြူရေးအစာပြည်တွင်းမှာဖောဖောသီသီရနိုင်လျက်နဲ့ပြည်ပကဝယ်ယူနေရတာထက်စာရင်ပြည်တွင်းမှာတိုးချဲ့စိုက်ပျိုးဖို့အချိန်ကျပါပြီ”ဟုမြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌဦးခင်စိုးကပြောသည်။

ဒေသတွင်းနိုင်ငံများတွင် မျိုးရိုးဗီဇသင်တန်း၊ နည်းပညာသင်တန်း၊ မြေ/ရေအသုံးချသင်တန်း၊ကောက်ပဲသီးနှံအလိုက်စက်ပစ္စည်းကိရိယာထုတ်လုပ်သင်တန်း၊ မြေဩဇာနှင့်ပိုးသတ်ဆေးသင်တန်း၊  သီးနှံသိုလှောင်ထိန်းသိမ်း အခြောက်ခံခြင်းနည်းပညာသင်တန်းအပါအဝင် သင်တန်းပေါင်း၁၇မျိုးကို Institution များမှ နှစ်စဉ်ကျောင်းသား ၅၀၀ ခန့်ကို ၂ နှစ်ကြာ သင်တန်းပေး၍ ကျေးလက်များသို့ဆင်း၍ ထွန်ယက်ချိန်၊ စိုက်ပျိုးချိန်၊မြေဩဇာသွင်းချိန်၊ ပိုးသတ်ဆေးအသုံးပြုချိန်နှင့် ရိတ်သိမ်းချိန်တို့တွင် ဆင့်ပွားသင်တန်းများပို့ချခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင် လျက်ရှိကြောင်းသိရသည်။

၁၉၉၀ ပြည့်နှစ်တွင်မြန်မာနိုင်ငံသို့စားအုန်းဆီတင်ပို့မှုမှာ တန်ချိန်ခုနှစ်ထောင်စတင် တင်သွင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ် တွင်တန်ချိန်ခုနှစ်သောင်းခွဲထိတင်သွင်းရလျက်ရှိကြောင်း၊ အများစုမှာစားအုန်းဆီကိုအမှီပြုသည့်အတွက် ပြည်တွင်းဆီထွက်သီးနှံစိုက်ပျိုးမှုမှေးမှိန်ခဲ့ပြီးပြည်ပမှနှစ်စဉ်ပဲပုပ်ဖတ်တင်သွင်းရခြင်းဖြစ်ကြောင်း၊ ထိုသို့တင်သွင်းရမှုကြောင့် ပြည်တွင်သား၊ငါးဈေးကျဆင်းမှုမရှိဘဲပရိုတိန်းဓာတ်လိုအပ်မှုဖြင့် ကျန်းမာသန်စွမ်းမှုကို အဟန့်အတားဖြစ်ပေါ်စေကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆီထွက်သီးနှံကဏ္ဍတွင် လုပ်သားသိန်းချီအလုပ်လက်မဲ့ဖြစ်ပေါ်မှုနှင့်ဆီထွက်သီးနှံစိုက်ပျိုးရေးကဏ္ဍရပ်ဆိုင်းခဲ့ခြင်းကိုဖော်ဆောင်ခြင်းဖြင့်စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် အသီးအပွင့်ကောင်းများကိုရရှိစေမည်ဖြစ်ကြောင်းဦးခင်စိုးကဖြည့် စွက်ပြောသည်။

မြေပဲတစ်ဧကလျှင်တရုတ်နိုင်ငံနှင့်ထိုင်ဝမ်နိုင်ငံ၌တင်း၁၅၀၊ အိန္ဒိယ၌တင်း၉၀မှ၁၂၀ထိ၊ ဗီယက်နမ်နိုင်ငံတွင် တင်း ၈၀ ထွက်ရှိလျက်ရှိရာမြန်မာနိုင်ငံတွင်၃၅တင်းထွက်ရှိသောကြောင့်ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ရာ၌ နည်းပညာကဏ္ဍမှာအရေးပါလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်စိုက်ပျိုးမြေဧကသန်း၂၀ ရှိသောကြောင့်ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းဝင်ငွေရရှိလျက် ပြည်ပထွက်ငွေကျဆင်းကာ စိုက်ပျိုးတောင်သူတို့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်၍ နိုင်ငံခြားဝင်ငွေရရှိနေသောမွေးမြူရေးလုပ်ငန်းအတွက်လည်း တိရစ္ဆာန်အစာလိုအပ်ချက်ကိုဖြည့်ဆည်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကနူး     - (၁၁၂)






အခြားဆက်စပ်သတင်းများ