နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပစ်ချခံရ၍ ပျက်ကျခဲ့သည့် ယူကရိန်းလေယာဉ်မှ လူ ၁၇၆ ဦးအတွက် နစ်နာကြေး ကန်ဒေါ်လာ ၁ သိန်းခွဲစီ ပေးအပ်မည်

တီဟီရန်   ဒီဇင်ဘာ ၃၁


ပြီးခဲ့သည့်ဇန်နဝါရီလတွင် တော်လှန်ရေးသက်စောင့်တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပျက်ကျခဲ့သည့် ယူကရိန်း ခရီးသည်တင်လေယာဉ်ပေါ်မှ လူ ၁၇၆ ဦး၏ ကျန်ရစ်သူမိသားစုများကို အီရန်နိုင်ငံက နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ စီ ပေးအပ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ 

ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်း၏ ဘိုးရင်း ၇၃၇ လေယာဉ်မှာ တီဟီရန်လေဆိပ်မှ ထွက်ခွာ ပြီးနောက် မကြာမီအချိန်အတွင်း ဒုံးကျည်နှစ်စင်း ထိမှန်ခဲ့သည်။ အစောပိုင်းတွင် အီရန်နိုင်ငံက ယင်းတို့၌ တာဝန်မရှိဟု ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် ခရီးသည်တင်လေယာဉ်ကို မတော်တဆပစ်ချခဲ့မိသည်ဟု ဝန်ခံခဲ့သည်။ 

အဆိုပါဖြစ်ရပ်တွင် ကွယ်လွန်ခဲ့သူများကို နစ်နာကြေးပေးရန်အတွက် ဆွေးနွေးညှိနှိုင်းရန်၊ တိုက်ခိုက်မှု နောက်ကွယ်တွင် ပါဝင်ခဲ့သူများကို ဥပဒေအရ အရေးယူရန် ယူကရိန်းနိုင်ငံက တိုက်တွန်းခဲ့သည်။ လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူများတွင် အီရန်နိုင်ငံသား ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ဦး၊ အမှုထမ်းကိုးဦး အပါအဝင် ယူကရိန်းနိုင်ငံသား ၁၁ ဦး၊ အာဖဂန်နစ္စတန်နိုင်ငံသား ၄ ဦး၊ ဗြိတိန်နိုင်ငံသား ၄ ဦးနှင့် ဂျာမနီ နိုင်ငံသား ၃ ဦး ပါဝင်သည်။ အခင်းမဖြစ်ပွားမီ နာရီပိုင်းအလိုတွင် အီရန်နိုင်ငံက ဗိုလ်ချုပ်ကြီး ဆိုလေမာနီ လုပ်ကြံခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အီရတ်နိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်း ၂ ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အီရန်လေကြောင်းကာကွယ်ရေးမှာ သတိကြီးစွာ ထားနေချိန်ဖြစ်သည်။ 

ကျန်ရစ်သူမိသားစုများကို တတ်နိုင်သမျှ အမြန်ဆုံးထားပြီး နစ်နာကြေးပေးအပ်သွားမည်ဟု အီရန် အစိုးရက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အပြီးသတ် စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကိုလည်း သက်ဆိုင်ရာနိုင်ငံများထံ ပေးပို့ခဲ့ပြီးပြီဟု အီရန်နိုင်ငံက ဆိုသည်။                                        (KNT)






အခြားဆက်စပ်သတင်းများ