နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရိုအေးရှားနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီး အီတလီနိုင်ငံအထိ တုန်ခါမှုဒဏ် ခံစားခဲ့ရ

ဇာဂရက်  ဒီဇင်ဘာ ၃၀


ခရိုအေးရှားနိုင်ငံအလယ်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၄ မဂ္ဂနီကျူ့စ်ရှိသည့် မြေငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ခုနစ်ဦးသေဆုံးခဲ့ပြီး လူအများအပြားဒဏ်ရာရခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ ငလျင်ဒဏ်အဆိုးရွားဆုံး ခံစားခဲ့ရသည့် ပီထရင်ဂျာမြို့တွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့် ဝန်ကြီးချုပ်က ပြောသည်။


ပီထရင်ဂျာမြို့ အနောက်တောင်ဘက်ရှိ ရွာတွင် လူသေဆုံးသူများရှိသည်ဟု ဒေသခံမီဒီယာက ဖော်ပြခဲ့သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ပီထရင်ဂျာမြို့တစ်ဝက်နီးပါး ပျက်စီးခဲ့ပြီး လူများကို အပျက်အစီးများကြားမှ ဆွဲထုတ်ခဲ့ရသည်ဟု မြို့တော်ဝန်က ပြောသည်။ မြေငလျင်ဒဏ်ကို ခရိုအေးရှားနိုင်ငံမြို့တော် ဇာဂရက်မြို့၊ ဘော့စနီးယား၊ ဆားဘီးယား၊ အီတလီနိုင်ငံတို့အထိ ခံစားခဲ့ရသည်ဟုဆိုသည်။


''ကျွန်တော်တို့ လူတွေကို ကားတွေထဲကနေဆွဲထုတ်နေတယ်။ အသက်ရှိသေးရဲ့လား၊ ဒဏ်ရာရနေကြလားဆိုတာတော့ မသိရသေး ဘူး''ဟု ပီထရင်ဂျာမြို့တော်ဝန်ဒမ်ဘိုဗစ်က ပြောသည်။


မြို့တော်ဝန်က သတင်းထောက်များကိုဖြေကြားနေစဉ် ပီထရင်ဂျာမြို့တွင် နောက်ထပ်မြေငလျင် လှုပ်ခတ်မှုဖြစ်ပွားခဲ့သည်။ ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခရိုအေးရှားနိုင်ငံ တစ်ဝန်းရှိ ကယ်ဆယ်ရေးသမားများက ပီထရင်ဂျာမြို့သို့ ရောက်ရှိလာကြကြောင်း ခရိုအေးရှားတောင်တက်ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။                                                                                                


(KNT)






အခြားဆက်စပ်သတင်းများ