မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာ ၂၅
ပြီးခဲ့သည့်ကြာသပတေးနေ့က မက္ကဆီကိုနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်ခဲ့ရာ မက္ကဆီကိုသူနာပြုများမှာ လက်တင်အမေရိကဒေသတွင် ပထမဆုံး ကာကွယ်ဆေးထိုးနှံခံရသူ ဖြစ်လာခဲ့သည်။ မက္ကဆီကိုနိုင်ငံမှာ ပထမအသုတ်အဖြစ် Pfizer-BioNTech ကာကွယ်ဆေး အဖုံ ၃၀၀၀ ရရှိခဲ့သည်။ မက္ကဆီကိုနိုင်ငံမှာ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနိုင်ငံတို့ပြီးနောက် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်သည်။ ပြီးခဲ့သည့်ကြာသပတေးနေ့နှောင်းပိုင်းက ချီလီနှင့် ကော်စတာရီကာနိုင်ငံများတွင်လည်း Pfizer-BioNTech ကာကွယ်ဆေး ထိုးနှံခဲ့ကြသည်။
ကော်စတာရီကာနိုင်ငံတွင် အသက် ၉၁ နှစ်အရွယ် အဘွားအို အဲလိစဘတ်ကာစတီလိုအပါအဝင် သက်ကြီးရွယ်အို ၂ ဦးမှာ ပထမဆုံး ကာကွယ်ဆေးထိုးနှံရသူဖြစ်ခဲ့သည်။ အာဂျင်တီးနားနိုင်ငံကလည်း လာမည့်ရက်ပိုင်းအတွင်း ကာကွယ်ဆေးထိုးနှံမှုများလုပ်ရန် စီစဉ်နေသည်။ သို့သော် ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေးကို ရွေးချယ်ထားပြီး ပထမအသုတ်အဖြစ် ပြီးခဲ့သည့် ကြာသပတေးနေ့ နံနက်ပိုင်းက ကာကွယ်ဆေး အဖုံရေ ၃ သိန်း လက်ခံရရှိခဲ့သည်။ လက်တင်အမေရိကတွင် ကိုဗစ်-၁၉ ကြောင့် လူသေဆုံးမှု အများဆုံးဖြစ်ပြီး ကူးစက်ပြန့်ပွားမှုများ မြင့်တက်နေသည့် ဘရာဇီးနိုင်ငံမှာ ဖေဖော်ဝါရီလလယ်အထိ ကာကွယ်ဆေး စတင်ထိုးနှံနိုင်ဦးမည်မဟုတ်ပေ။
KNT