နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် ဆေးပစ္စည်းများကို အဆမတန် ရောင်းချပါက အရေးယူမည်

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ပြန့်ပွားမှုအန္တရာယ်ကို အကြောင်းပြပြီး အခြေခံစားသောက်ကုန် များ၊ ဆေးဝါးများနှင့် ဆေးပစ္စည်းများအား အဆမတန် ဈေးတင်ရောင်းပါက အရေးယူသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှု ဆက်လက် တိုးမြင့်နေဆဲဖြစ်သည့်အပြင် ပြည်တွင်း၌လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများ စစ်ဆေးတွေ့ရှိ လာသည့်အတွက် ပြည်သူများက မိမိတို့နေအိမ်အတွက် လိုအပ်သော အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် ဆေးပစ္စည်းများအား ဝယ်ယူစုဆောင်းခြင်းများ ပြုလုပ်လာကြကြောင်း သိရသည်။ ထိုသို့ ပြည်သူလူထု၏ လိုအပ်ချက်ကို အခွင့်ကောင်းယူကာ အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် ဆေးပစ္စည်းများအား အဆမတန် ဈေးတင်ရောင်းပါက နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဆန်၊ စားသုံးဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အခြေခံဆေးဝါးများနှင့် ဆေးပစ္စည်းများ၏ လက်လီ လက်ကား ဈေးနှုန်းများကို သက်ဆိုင်ရာ လုပ်ငန်းရှင်အသင်းအဖွဲ့များမှတစ်ဆင့် စာရင်းကောက်ယူသွားမည် ဖြစ်ကြောင်း၊ ထိုသို့ ကောက်ယူထားသော ဈေးနှုန်းများထက် အဆမတန် ဈေးတင်ရောင်းချသူများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ယင်းကပြောသည်။ ယင်းသို့ အရေးယူဆောင်ရွက်ရာတွင် ပြစ်ဒဏ်များအနေနှင့် ထောင်ဒဏ် ၆ လမှ ၃ နှစ် (သို့မဟုတ်) ငွေကျပ် ၅ သိန်းထက်မပိုသော ဒဏ်ငွေ (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း သိရသည်။ (မိုးယံထက်)






အခြားဆက်စပ်သတင်းများ