တိုင်ပေ ဒီဇင်ဘာ ၂၄
ပြီးခဲ့သည့်လများအတွင်း တရုတ် (တိုင်ပေ)တွင် ပထမဆုံး ဒေသတွင်း ကူးစက်မှုဖြစ်စေခဲ့သည်ဆိုသော နယူးဇီလန်လေယာဉ်မှူးကို တရုတ်(တိုင်ပေ) အခြေစိုက် Eva Air လေကြောင်းလိုင်းက အလုပ်ထုတ်ခဲ့သည်။ ပြီးခဲ့သည့်အင်္ဂါနေ့တွင် လေယာဉ်မှူးနှင့် ထိတွေ့မှုရှိသူကို စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့သည်။ ထို့ကြောင့် တရုတ် (တိုင်ပေ)တွင် ၂၅၃ ရက်ဆက်တိုက် ဒေသတွင်း ကူးစက်မှုမရှိသည့် မှတ်တမ်းအဆုံးသတ်ခဲ့ရသည်။
ထို့နောက်တွင် အများပြည်သူဆိုင်ရာ ခရစ္စမတ် အခမ်းအနားတချို့ကို ဆိုင်းငံ့လိုက်ပြီး နှစ်သစ်ကူးကာလအတွင်း နေအိမ်၌သာ နေထိုင်ကြရန် အစိုးရက အကြံပြုခဲ့သည်။ Eva Air လေကြောင်းလိုင်း၏ လေယာဉ်မှူးမှာ ဒီဇင်ဘာလအစောပိုင်းကတည်းက ရောဂါကူးစက်ခံခဲ့ရဖွယ်ရှိသော်လည်း ရောဂါလက္ခဏာ မပြခဲ့သူဖြစ်သည်။
လေကြောင်းခရီးစဉ်အပြီးတွင် တရုတ် (တိုင်ပေ)သို့ ပြန်လာသည့် လေယာဉ်မှူးများအနေဖြင့် ၃ ရက်ကြာ အသွားအလာ ကန့်သတ်ခံရသော်လည်း ရောဂါလက္ခဏာမပြပါက ရောဂါစစ်ဆေးမှု ခံယူရခြင်းမရှိပေ။ ရောဂါကူးစက်ခံရခြင်းကို သတိမပြုမိသည့် လေယာဉ်မှူးက လေကြောင်းခရီးစဉ်များ ဆက်လက်ပျံသန်းခဲ့ရာ အမေရိကန်နိုင်ငံမှ ပြန်လာသည့် လေကြောင်းခရီးစဉ်တွင် ချောင်းဆိုးခဲ့သည်ဟု ဆိုသည်။
ဒီဇင်ဘာ ၂၀ ရက်တွင် လေယာဉ်မှူး၌ ရောဂါကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ လေယာဉ်မှူးအနေဖြင့် ရောဂါစစ်ဆေးမှုမခံယူမီ ယင်းနှင့် ထိတွေ့မိသူအားလုံးကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိဟု စွပ်စွဲခံထားရသည်။ လေယာဉ်မှူးမှာ လေယာဉ်စက်ခန်းအတွင်း နှာခေါင်းစည်းတပ်ဆင်ခဲ့ခြင်းမရှိ၍ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စည်းမျဉ်းချိုးဖောက်သည့်အတွက် Eva Air လေကြောင်းလိုင်းက အလုပ်ထုတ်ခဲ့သည်။ ထို့အပြင် ယင်းကို တရုတ် (တိုင်ပေ) ဒေါ်လာ ၃၀၀၀၀၀ ( အမေရိကန်ဒေါ်လာ ၁၀၆၀၀) ဒဏ်ရိုက်ခဲ့သည်။
KNT