နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထန်းတပင်စက်မှုဇုန်အကောင်အထည်ဖော်ပြီးပါကစက်ရုံလုပ်သားတစ်သိန်းကျော်အလုပ်အကိုင်အခွင့် အလမ်းရရှိမည်

ရန်ကုန်   ဒီဇင်ဘာ    ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကုက္ကိုလ်ဝတံတားအနီးရှိရေနက်ကွင်းနေရာကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ထို စက်မှုဇုန်အကောင်အထည်ဖော်ပြီးပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ အလုပ်သမား တစ်သိန်းကျော် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏အခွန်ဘဏ္ဍာအများဆုံးရရှိရာ ရန်ကုန်တိုင်းဒေသကြီးမှာ ကုန်စည်ပို့ဆောင်ရေးတွင်နိုင်ငံ အတွက် အချက်အချာကျရာဒေသဖြစ်၍ နိုင်ငံတကာအဆင့်မီစက်မှုဇုန်များကိုနိုင်ငံတော်မှ တည်ဆောက် လျက်ရှိရာ သီလဝါစက်မှုဇုန်နှင့်ဆိပ်ကမ်းမှာ ဂုဏ်သတင်းပျံ့နှံ့လျက် ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်နိုင် လျက်ရှိပြီး ဒေသတွင်းပြည်သူများအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိရန် ထန်းတပင်မြို့နယ် ကုက္ကိုလ်ဝ မြစ်နံဘေးရှိ ရေနက်ကွင်းတွင် စက်မှုဇုန်ကြီးတည်ဆောက်ရန် ၂၀၁၈-ခုနှစ်မှစ၍အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

“ရေနက်ကွင်းမှာရှိတဲ့ လယ်သမားတွေအားလုံးသဘောတူပြီးပါပြီ။ ကျွန်တော်တို့တစ်ဦးတည်း ဖြစ်နေတဲ့ အတွက်အများပိုင်ဖြစ်အောင် ကျွန်တော်တို့ထက်ပိုပြီးလုပ်ပေးနိုင်မယ့် ကုမ္ပဏီကိုသတင်းစာမှာတင်ဒါပုံစံ တစ်မျိုးခေါ်ပြီး ဆောင်ရွက်မယ်လို့သိရပါတယ်။ အဲ့ဒီအတွက် Thard party ဖြစ်တဲ့ ကျွမ်းကျင်အဖွဲ့က စိစစ်ပြီးကျေနပ်ရင် တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ဒါခေါ်ဖို့ရှိတယ်။ အဲ့လိုအဖွဲ့ကသိချင်တဲ့အချက်အလက်တွေ၊ မေးခွန်းတွေ၊ ဖြစ်နိုင်ခြေရှိတဲ့လုပ်ငန်းဖြစ်ကြောင်းကို ကျွန်တော်တို့ ဖြေကြားပြီးပါပြီ။ ကျွန်တော်တို့ထက် လုပ်ဆောင်နိုင်တဲ့သူမရှိရင်ကျွန်တော်တို့ဆက်ပြီးလုပ်ဆောင်သွားမှာပါ။ စက်ရုံတည်ဆောက်ရေးမှာ အလုပ် အကိုင်ရရှိတဲ့အပြင် စက်ရုံလည်ပတ်ရင် လုပ်သားတစ်သိန်းကျော် အလုပ်အကိုင်ရရှိစေမှာပါ”ဟု ရန်ကုန်-ထန်းတပင် တက်ခနော်လော်ဂျီကုမ္ပဏီလီမိတက်မှမန်နေးဂျင်းဒါရိုက်တာဦးစိုးဝေက ပြောသည်။

စီးပွားရေးလုပ်ငန်းများဖော်ဆောင်မည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၁၁ မြို့နယ်တွင် ထန်းတပင် စက်မှုဇုန်နှင့်ရေပေါ်ဈေးလည်းတစ်ခုအပါအဝင်ဖြစ်ပြီး အဆိုပါ စီမံကိန်းတွင် လယ်ဧက ၄၀၀ ကျော်တွင် ၅ ဧကလျှင် တောင်သူအား စက်မှုမြေတစ်ဧက ပြန်လည်ပိုင်ဆိုင်ခွင့်ပေးထားရာလယ်သမားများ သဘောတူညီလျက် ကျန်မြေဧက ၁၆၀၀ ကျော်နှင့်အတူ ထန်းတပင်စက်မှုဇုန်ကိုတည်ဆောက်ခြင်းဖြစ်သည်။ ထိုဇုန်များတွင် လမ်း၊ ရေ၊ လျှပ်စစ်မီးစသော အခြေခံအပါအဝင် စက်ရုံပေါင်း ၂၀၀၊ ရေဆိုးသန့်စင်စက်ရုံ၊ အလုပ်သမား နေထိုင်မည့်အဆောက်အအုံ၊ လုံးချင်းအိမ်ရာ၊ စာသင်ကျောင်း၊ ပန်းဥယျာဉ်၊ စက်မှုဇုန်ရုံးများ တည်ဆောက် မည်ဖြစ်ပြီး ထိုစက်မှုဇုန်ရှိ လမုတန်းကျေးရွာနှင့်လှိုင်မြစ် တစ်ဖက်ကမ်းရှိ မှော်ဘီမြို့သို့ ဆက်သွယ်နိုင်မည့်(ပြည်လမ်းနှင့်ချိတ်ဆက်နိုင်)  မြစ်ကူးတံတား တစ်စင်းကိုတည်ဆောက်မည်ဖြစ်ရာ ထိုင်ဝမ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဟုသိရသည်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လမ်းညွှန်မှုနဲ့ဆောင်ရွက်တာပါ။ နိုင်ငံတော်အနေနဲ့လမ်းပန်း ဆက်သွယ်ရေးနဲ့လျှပ်စစ်မီးရရှိရေးကိုဆောင်ရွက်နေတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကို လည်းဆောင်ရွက်နေတာကြောင့် ဒီစက်မှုဇုန်ကြီးပြီးသွားရင် ဒီဒေသဟာသိသိသာသာတိုးတက်သွားမှာပါ။ ရေနက်ကွင်းမှာတောင်သူတွေ စိုက်ပျိုးရေး အဆင်မပြေပေမယ့် စက်မှုဇုန်ကြီး ပေါ်ထွန်းလာရင်တောင်သူတွေက အစ အလုပ်အကိုင်တွေရလာမှာပါ။ အောက်ဆုံးအဆင့်မှာရှိတဲ့ ထန်းတပင်ဟာ စက်မှုဇုန်ပေါ်လာရင် နိုင်ငံတော် အတွက်အခွန်ရတဲ့မြို့နယ် တစ်ခုအဖြစ်တွေ့မြင်ရမှာပါ” ဟု ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ပြောသည်။

 စက်မှုဇုန်နှင့်မြစ်ကူးတံတားအပါအဝင်တည်ဆောက်ရေး အသေးစိတ်မြေပြင် ကွင်းဆင်းဆောင်ရွက်မှု  ကိုပြည်ပ ဆောက်လုပ်ရေးကုမ္ပဏီမှဆောင်ရွက်ခဲ့ပြီး အဆိုပါ စီမံကိန်းမြန်ဆန်စွာအကောင်အထည်ပေါ်ပါက ရန်ကုန်တိုင်းဒေသကြီး၏ စက်မှုကဏ္ဍနှင့်ပြည်ပပို့ကုန်ပိုမိုတိုးမြှင့်ရရှိလျက် တိုင်းဒေသကြီးအနေဖြင့် အခွန်ငွေပိုမိုရရှိကာအလုပ်အကိုင်အခွင့်အလမ်းများရရှိစေမည်ဖြစ်သည်။

ကုက္ကိုလ်ဝတံတားအဆင်းဘယ်ဘက်ခြမ်းရေနက်ကွင်းသည် ထန်းတပင်စက်မှုဇုန်တည် ဆောက်မည်ဖြစ်ပြီး ညာဘက်ခြမ်းပန်းလှိုင်မြစ်နှင့်ကုက္ကိုလ်ဝမြစ်ဆုံနေရာ၌ ရေပေါ်ဈေးတည်ဆောက်ရန်လျာထားရာ ကနဦးစက်မှုဇုန်ကိုတည်ဆောက်ရန် လျာထားခြင်းဖြစ်သည်။ ရေနက်ကွင်းဧရိယာဧက၂၀၀၀ ကျော်တွင်သဲနှင့်မြေကြီး ၅ ပေအမြင့်မြှင့်တင်မည်ဖြစ်ပြီး စက်မှုဇုန်တည်ဆောက်ရေးကိုရန်ကုန်ဝဲလ်ဒဲက်ပလော့မန့်ကုမ္ပဏီ၊ ဝီဝက် ဒ်(ဟောင်ကောင်) အင်တာနေရှင်နယ်ကုမ္ပဏီနှင့်  ဂိုးဒင်းမြန်မာ (ဟောင်ကောင်)အင်ဗားစမန့်ကုမ္ပဏီသုံးခုပေါင်း၍ ရန်ကုန်-ထန်းတပင်တက်ခနော် လော်ဂျီကုမ္ပဏီဖြစ်သော ပြည်တွင်းကုမ္ပဏီတစ်ခုအနေဖြင့် ထန်းတပင်စက်မှုဇုန်စီမံ ကိန်းကိုဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စက်မှုဇုန်အသက်ဝင်လာပါက ဧရာဝတီတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီးမှ အလုပ်သမားတစ်သိန်း ကျော်အလုပ်အကိုင်အခွင့်အလမ်းရရှိမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ကနူး၊ (၁၁၂)






အခြားဆက်စပ်သတင်းများ