နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် အေးသောရာသီဥတုဒဏ် ခံနိုင်စေရန် အလုံပိတ်စနစ်ဖြင့် ပြောင်းလဲမွေးမြူသော အသားတိုးကြက် မွေးမြူရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုများပြားလာ

စစ်ကိုင်း   ဒီဇင်ဘာ     ၂၂

မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် အသားတိုးကြက်များ မွေးမြူရာ၌ အေးသောရာသီဥတုဒဏ် ခံနိုင်စေရန် အလုံပိတ်စနစ်ဖြင့် ပြောင်းလဲမွေးမြူ သော အသားတိုးကြက် မွေးမြူရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုများပြားလာကြောင်း သိရသည်။
ယခင်က အသားတိုးကြက်များကို ဝါးခြံများဖြင့် မွေးမြူခဲ့ရာမှ ယခုအခါ အလုံပိတ်စနစ်ဖြင့် ပြောင်းလဲမွေးမြူလာခြင်းဖြစ်ကြောင်း၊ အသားတိုးကြက်များကို ဝါးခြံများဖြင့် မွေးမြူရာ၌ အေးသောရာသီဥတုဒဏ် မခံနိုင်သောကြောင့် ကြက်များသေဆုံးမှုနှုန်း များပြားပြီး အလုံပိတ်စနစ်သည် ရာသီဥတုဒဏ်ခံရမှု လျော့ပါးသွား စေသည့်အတွက် သေဆုံးမှုနှုန်းလည်း လျော့ကျသွားကြောင်း သိရသည်။

ထို့အပြင် အလုံပိတ်စနစ်ဖြင့် အသားတိုးကြက် အကောင်ရေလည်း ပိုမိုမွေးမြူထုတ်လုပ်နိုင်ပြီး အချို့သော အလုံပိတ်စနစ်သုံး ကြက်မွေးမြူရေးခြံများတွင် ကြက်များအား အစာကျွေးခြင်းနှင့် ဆေးတိုက်ခြင်းများကို အလိုအလျောက်စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ အသားတိုးကြက်များကို ဝါးခြံများဖြင့် မွေးမြူရာမှ အလုံပိတ်စနစ်သို့ ပြောင်းလဲမွေးမြူခြင်းကြောင့် အချိန်ကုန်သက်သာစေသည့်အပြင် ကြက်အကောင် ရေလည်း ပိုမိုမွေးမြူထုတ်လုပ်လာနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ကြက်မွေးမြူရေး လုပ်ငန်းရှင်များ က ပြောသည်။

ပြည်တွင်း၌ အသားတိုးကြက်များ မွေးမြူရာတွင် ရက်သားအရွယ်မှ စတင်မွေးမြူကာ ၄၅ ရက်သား အရွယ်ရောက်ပါက ကြက်ဒိုင်များသို့ တင်ပို့ ရောင်းချလေ့ရှိကြောင်း၊ ယခုအခါ အလုံပိတ်စနစ် ကျင့်သုံးဆောင်ရွက် နေသော ကြက်မွေးမြူရေးခြံ အရေအတွက်သည် နိုင်ငံအတွင်းရှိ စုစုပေါင်း ကြက်မွေး မြူရေးခြံ အရေအတွက်၏ ၁၅ ရာခိုင်နှုန်းနီးပါးအထိ ရှိလာကြောင်း သိရသည်။                                                   

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ