နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရစ္စမတ်နှင့် နှစ်သစ်ကူး ကာလအတွင်း ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ကုသမှုဌာနသို့ ရောက်ရှိလာသော လူနာများအားလုံးကို COVID-19 ရောဂါ ကူးစက်ခံထားရခြင်းရှိမရှိ စစ်ဆေးသွားမည်

ရန်ကုန်   ဒီဇင်ဘာ     ၂၂

ခရစ္စမတ်နှင့် နှစ်သစ်ကူး ကာလအတွင်း ယာဉ်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ကုသမှုဌာနသို့ ရောက်ရှိလာသော လူနာများ အားလုံးကို COVID-19 ရောဂါ ကူးစက်ခံထားရခြင်းရှိမရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယခုနှစ် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွင် ရန်ကုန်မြို့ရှိ လူစည်ကားရာ ကန်ပေါင်များ၊ ပန်းခြံများ စသည့် နေရာများကို ယာယီပိတ်ထားပြီး လူစုလူဝေးများ မပြုလုပ်ကြရန်လည်း သက်ဆိုင်ရာမှ သတိပေးနှိုးဆော် ထားသည်။

သို့ရာတွင် ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးအကြိုညများတွင် မူးယစ်သောက်စားထားပြီး မော်တော်ယာဉ် မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရသူများနှင့် အခြားသော အကြောင်းအရာ များကြောင့် ထိခိုက်ဒဏ်ရာရသူများအား အချိန်နှင့်တစ်ပြေးညီ ကုသပေးနိုင်စေရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ကုသမှုဌာနတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ကုသမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ ထိခိုက်ဒဏ်ရာရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ကုသမှုဌာနသို့ ရောက်ရှိလာသူများ အားလုံးကို COVID-19 ရောဂါ ကူးစက်ခံထားရခြင်းရှိမရှိ သိရှိစေရန်အတွက်လည်း လိုအပ်သော စမ်းသပ် စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။                     

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ