ဘရပ်ဆဲလ် ဒီဇင်ဘာ ၂၂
ဥရောပသမဂ္ဂ၏ ဆေးဝါးဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံလုံးတွင် Pfizer-BioNTech ကိုဗစ် ကာကွယ်ဆေးအသုံးပြုခွင့် ပေးအပ်လိုက်သည်။
ဗြိတိန်နှင့် အမေရိကန်နိုင်ငံများတွင် Pfizer-BioNTech ကာကွယ်ဆေး ထိုးနှံခဲ့ပြီးနောက် လူဦးရေ ၄၄၈ သန်းနီးပါးရှိသည့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံတွင် အဆိုပါကာကွယ်ဆေး အသုံးပြုနိုင်ကြောင်း ဥရောပသမဂ္ဂ ဆေးဝါးအေဂျင်စီ (EMA)က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ (EMA)က ယခုကဲ့သို့ ခွင့်ပြုပေးခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဥရောပကော်မရှင်ကလည်း ကာကွယ်ဆေး ထိုးနှံရန် တရားဝင် ခွင့်ပြုပေးခဲ့သည်။
အစောဆုံးအနေဖြင့် လာမည့်တနင်္ဂနွေနေ့တွင် ဥရောပနိုင်ငံအချို့ထံ ကာကွယ်ဆေး စတင်ဖြန့်ဖြူးနိုင်ဖွယ်ရှိသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များတွင် လူ ၃၁၁၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။
ခရစ္စမတ်နှင့် နှစ်သစ်ကူးအားလပ်ရက် စုဝေးပွဲများတွင် ပိုးတွေ့လူနာသစ် တစ်ကျော့ပြန် မြင့်တက်လာ နိုင်ခြင်းကြောင့် ဂျာမနီနှင့် ဟော်လန်နိုင်ငံ အစရှိသည့် နိုင်ငံများတွင် တစ်စိတ်တစ်ပိုင်းပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ဗြိတိန်နိုင်ငံတွင် ကူးစက်မြန် ကိုဗစ်-၁၉ မျိုးဗီဇသစ် ကူးစက်ပြန့်ပွားနေ၍ ဥရောပနိုင်ငံအများအပြားကလည်း ဗြိတိန်နိုင်ငံမှ ခရီးသွားများကို ဝင်ရောက်ခွင့်ဆိုင်းငံ့ထားသည်။
KNT