ဆစ်ဒနီ၊ ဒီဇင်ဘာ ၂၁
သြစတြေးလျနိုင်ငံ၏ အကြီးဆုံးဖြစ်သည့် ဆစ်ဒနီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လာခဲ့ရာ အခြားပြည်နယ်များနှင့် ဒေသများက ဆစ်ဒနီမြို့တွင် နေထိုင်သူများကို ဝင်ထွက်သွားလာခွင့် ပိတ်ပင်ခဲ့သည်။
နယူးဆောက်ဝေးလ်ပြည်နယ် နယ်စပ်ပိတ်ပင်မှုမှာ ခရစ္စမတ်ကာလ အစီအစဉ်များနှင့် မိသားစုများ ပြန်လည်ပေါင်းစည်းရေးကို ဝေဝါးစေခဲ့သည်။ နောက်ဆုံးသတ်မှတ်ချိန် ပြည့်သွားပြီးနောက် ဒီဇင်ဘာလ ၂၁ ရက်မှစတင်၍ လေကြောင်းလိုင်းများက ဆစ်ဒနီလေဆိပ်မှ ထွက်ခွာမည့် လေကြောင်းခရီးစဉ်အများအပြားကို ဖျက်သိမ်းခဲ့သည်။
ယခုအကြိမ် ရောဂါကူးစက်မှု၌ ဆစ်ဒနီမြို့တွင် ကိုဗစ်-၁၉ လူနာ ၈၃ ဦး ရှိနေပြီး ကိုဗစ်လူနာအားလုံးမှာ ဆစ်ဒနီမြို့၏ မြောက်ပိုင်းကမ်းခြေဒေသနှင့် ဆက်နွှယ်နေသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း စံချိန်တင် စစ်ဆေးမှုအဖြစ် လူ ၃၈၀၀၀ ကို ရောဂါစစ်ဆေးခဲ့ရာ လူနာသစ် ၁၅ ဦး တွေ့ရှိခဲ့ကြောင်း နယူးဆောက်ဝေးလ်ပြည်နယ်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
ပိုးတွေ့လူနာသစ် အရေအတွက်အရ ကိုဗစ်-၁၉ ဗိုင်းရပ်စ်မှာ ပိတ်ဆို့ထားသည့် မြောက်ပိုင်းကမ်းခြေကို ကျော်လွန်ကူးစက်ပျံ့နှံ့ခြင်းမရှိဟု လူအများက သတ်မှတ်ကြသည်။ သို့သော် တစ်နေ့တာရလဒ်ဖြင့် ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အခြေအနေကို ဆုံးဖြတ်နိုင်ခြင်းမရှိဟု အာဏာပိုင်များက သတိပေးထားသည်။
KNT