ဝါရှင်တန် ဒီဇင်ဘာ ၂၀
ပြည်နယ်များထံ ကနဦးပို့ဆောင်ပေးရမည့် ကိုဗစ်ကာကွယ်ဆေးပမာဏ ပြည့်မီခဲ့ခြင်းမရှိကြောင်း အမေရိကန်နိုင်ငံတွင် ကာကွယ်ဆေးများ ဖြန့်ဖြူးပေးနေသည့် စစ်တပ်ဗိုလ်ချုပ်ကြီးက ပြောသည်။ ဗိုလ်ချုပ်ကြီး ဂူစတာဗီပါနာမှာ Warp Speed စစ်ဆင်ရေးဟု အမည်ပေးထားသည့် ကိုဗစ်ကာကွယ်ဆေး ဖြန့်ဖြူးရေးကို ဦးဆောင်နေသူဖြစ်သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် နားလည်မှုလွဲခဲ့ခြင်းမှာ ယင်းတစ်ဦးတည်းတွင် တာဝန်ရှိသည်ဟု ဂူစတာဗီပါနာက ပြောသည်။
အမေရိကန်နိုင်ငံရှိ ပြည်နယ်တစ်ဒါဇင်ကျော်က မျှော်မှန်းထားသည့် ကာကွယ်ဆေးအရေအတွက် မရခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံတွင် အရေးပေါ်အသုံးပြုခွင့် ရရှိခဲ့ပြီးနောက် Pfizer-BioNTech ကာကွယ်ဆေးများကိုဖြန့်ဖြူးလျက်ရှိပြီး ယခုအခါတွင် Moderna ကာကွယ်ဆေးများကိုလည်း ဖြန့်ဖြူးတော့မည်ဖြစ်သည်။
ကနဦး ဖြန့်ဖြူးပေးရမည့် ကာကွယ်ဆေးအရေအတွက် ပြည့်မီခဲ့ခြင်းမရှိ၍ ဗိုလ်ချုပ်ကြီး ဂူစတာဗီပါနာက ပြည်နယ်အုပ်ချုပ်ရေးမှူးများကို ကြိမ်ဖန်များစွာ တောင်းပန်ခဲ့သည်။ ယင်းအနေဖြင့် အသင့်ဖြစ်မည်ဟု ယူဆသည့် ကာကွယ်ဆေးပမာဏသာ ဖြန့်ဖြူးပေးခဲ့ခြင်းဟု ဂူစတာဗီပါနာက ဆိုသည်။ (KNT)