ဝါရှင်တန် ဒီဇင်ဘာ ၁၉
အမေရိကန်နိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)က Moderna ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ်အခြေအနေအတွက် အသုံးပြုခွင့်ပေးခဲ့သည်။ Moderna ကာကွယ်ဆေးမှာ ပြီးခဲ့သည့် ရက်သတ္တပတ်က အသုံးပြုခွင့်ပေးခဲ့သည့် Pfizer/BioNTech ကာကွယ်ဆေးပြီးနောက် အမေရိကန် နိုင်ငံတွင် ဒုတိယမြောက်အသုံးပြုခွင့်ပေးသည့် ကိုဗစ်ကာကွယ်ဆေးဖြစ်လာသည်။
အမေရိကန်အစိုးရက Moderna ကာကွယ်ဆေး သန်း ၂၀၀ ဝယ်ယူရန် သဘောတူညီထားပြီး ဖြန့်ဖြူးရန် အသင့်ဖြစ်နေသည့် ကာကွယ်ဆေး ၆ သန်းနီးပါးရှိနေနိုင်သည်ဟု ဆိုသည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ဒဏ်အဆိုးရွားဆုံးခံစားနေရသည့် အမေရိကန်နိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၁၇ သန်းကျော်၊ အနည်းဆုံး သေဆုံးသူ ၃၁၁၅၂၉ ဦးရှိသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြ သည်။ Moderna ကာကွယ်ဆေးက ကိုဗစ်-၁၉ ရောဂါကို ၉၄ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်စွမ်းရှိသည်ဟု ယခုရက်သတ္တပတ်အစောပိုင်းက ဆေးဝါးဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းသူများက ပြောသည်။
Pfizer/BioNTech ကာကွယ်ဆေးကို အပူချိန် (- ၇၀) ဒီဂရီဆဲလ်စီးယက်တွင် သိုလှောင်ဖြန့်ဖြူးရသော်လည်း Moderna ကာကွယ်ဆေးမှာ အပူချိန် (-၂၀) ဒီဂရီဆဲလ်စီးယက်တွင် သိုလှောင်ဖြန့်ဖြူးနိုင်သည်။ ဆေး ၂ မျိုး လုံးမှာ ၂ ကြိမ်စီထိုးရသည့် ကာကွယ်ဆေးများဖြစ်သည်။ Pfizer/BioNTech ကာကွယ်ဆေးမှာ ၂၁ ရက် ခြား၍ ထိုးရပြီး Moderna ကာကွယ်ဆေးမှာ ၂၈ ရက်ခြား ထိုးရသည်။ အမေရိကန်နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှု စီမံကိန်းမှာ လာမည့်ဧပြီလတွင် လူသန်း ၅၀ အထိ ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ရည်ရွယ်ထားသည်။
(KNT)