ကီဂါလီ ဒီဇင်ဘာ ၁၈
ရဝမ်ဒါနိုင်ငံ၏ ဂျီနိုဆိုက်ဖြစ်ရပ်အကြောင်း ရိုက်ကူးထားသည့် Hotel Rwanda ဇာတ်ကားတွင် သူရဲကောင်းအဖြစ် ပုံဖော်ခံခဲ့ရသည့် အမျိုးသားမှာ ယင်းကို ပြန်ပေးဆွဲရန် ထောက်ပံ့ကူညီခဲ့သည်ဟုဆိုကာ ဂရိနိုင်ငံ၏ စင်းလုံးငှားလေကြောင်းခရီးစဉ်ပြေးဆွဲသည့်ကုမ္ပဏီကို တရားစွဲဆိုထားသည်။ ပြီးခဲ့သည့်သြဂုတ်လ တွင် ယင်းအနေဖြင့် ဘူရန်ဒီနိုင်ငံသို့ သွားရောက်ရန်အတွက် ဒူဘိုင်းမြို့တွင် စင်းလုံးငှားလေယာဉ်ပေါ်လိုက်ပါခဲ့ရာ အဆိုပါလေယာဉ်က ယင်းကို ရဝမ်ဒါနိုင်ငံသို့ပို့ဆောင်ခဲ့သည်ဟု ရူဆာဘာဂျီနာက ပြောသည်။
ဟူတူမျိုးနွယ်ဝင် ရူဆာဘာဂျီနာမှာ ယင်းမန်နေဂျာအဖြစ်တာဝန်ယူထားသည့်ဟိုတယ်တွင် တူစီ မျိုးနွယ်ဝင် ရာပေါင်းများစွာကို ဂျီနိုဆိုက်ဖြစ်ရပ်မှ ကယ်တင်ပေးခဲ့သူဖြစ်သည်။ ယင်း၏ ကြိုးပမ်းမှုများကို ပုံဖော်ရိုက်ကူးထားသည့် ၂၀၀၄ ခုနှစ်ထွက် Hotel Rwanda ဇာတ်ကားထွက်ရှိပြီးနောက် ရူဆာဘာဂျီနာ မှာလည်း ထင်ပေါ်ကျော်ကြားလာခဲ့သည်။
ရူဆာဘာဂျီနာမှာ သမ္မတ ကာဂါမီကို ပြင်းပြင်းထန်ထန်ဝေဖန်သူဖြစ်ပြီး အတိုက်အခံအဖွဲ့(MRCD) ၏ ခေါင်းဆောင်ဖြစ်သည်။ ရဝမ်ဒါနိုင်ငံတွင် တိုက်ခိုက်မှုများလုပ်ခဲ့သည့် အမျိုးသားလွတ်မြောက်ရေးတပ်ဦး National Liberation Front (FLN)မှာ MRCD ၏ လက်နက်ကိုင်အဖွဲ့ခွဲဖြစ်သည်ဟု ဆိုကြသည်။ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ရူဆာဘာဂျီနာမှာ ဘယ်လ်ဂျီယံနိုင်ငံသားခံယူထားပြီး အမေရိကန်နိုင်ငံ၏ အမြဲနေထိုင်သူကတ်ပြားရရှိထားသူဖြစ်သည်။
သို့သော် သင်းအုပ်ဆရာတစ်ဦးက စေ့စပ်ညှိနှိုင်းမှုလုပ်ရန်ကိစ္စ များရှိသည်ဟုဆိုကာ ယင်းကို ဘူရန်ဒီနိုင်ငံသို့ လှည့်ဖျားခေါ်ဆောင်သွားခြင်းဟု ဆိုသည်။ အကြမ်းဖက်လှုပ်ရှားမှုများကို ဦးဆောင်ခဲ့ခြင်းကြောင့် ရူဆာဘာဂျီနာကို ဖမ်းဆီးခဲ့ခြင်းဟု ရဝမ်ဒါအရာရှိ များက ပြောသည်။ ရဝမ်ဒါနိုင်ငံက ယင်းကို အကြမ်းဖက်မှု၊ အကြမ်းဖက်မှုတွင် ငွေကြေးထောက်ပံ့မှု၊ ကလေး စစ်သားများ စုဆောင်းမှု၊ ပြန်ပေးဆွဲမှု၊ မီးရှို့မှု၊ အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းမှု စသည့်စွဲချက်များဖြင့် စွဲချက်တင်ထားသည်။
သို့သော် ရူဆာဘာဂျီနာ၏ ရှေ့နေများက အဆိုပါစွဲချက်များကို ငြင်းဆန်ခဲ့သည်။ ရူဆာဘာဂျီနာမှာ လက်ရှိအချိန်တွင် ရဝမ်ဒါအကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရပြီး ရုံးတင်စစ်ဆေးမှုကို စောင့်ဆိုင်းလျက်ရှိသည်။
(KNT)