ဝါရှင်တန် ဒီဇင်ဘာ ၁၈
ကျွမ်းကျင်ပညာရှင်အဖွဲ့က ထောက်ခံခဲ့ပြီးနောက် အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး နောက်တစ်မျိုးကို အရေးပေါ်အသုံးပြုခွင့်ပေးရန် နီးစပ်လာပြီဖြစ်သည်။ ဆေးအဖုံရေသန်းချီတင်ပို့နိုင်ရေး အတွက် Moderna ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးရန် လျှင်မြန်စွာ ဆောင်ရွက်သွားမည်ဟု အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA)အကြီးအကဲက ပြောသည်။
အမေရိကန်နိုင်ငံက Pfizer/BioNTech ကာကွယ်ဆေးများကို စတင်ထိုးနှံခွင့်ပြုခဲ့ပြီးနောက် ရက်ပိုင်း အကြာတွင် (FDA) ကျွမ်းကျင်ပညာရှင်အဖွဲ့က ယခုကဲ့သို့ ထောက်ခံခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဒဏ်ကို အဆိုးရွားဆုံးခံစားနေရပြီး သေဆုံးသူ ၃၀၀၀၀၀ ကျော် ရှိနေသည်။
အသက် ၁၈ နှစ်အထက် အရွယ်ရှိသူများကို Moderna ကာကွယ်ဆေး ထိုးနှံပေးရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်ကြာသပတေးနေ့တွင် FDA ၏ အကြံပေးအဖွဲ့က မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၀၊ ကန့်ကွက်မဲမရှိ၊ ကြားနေမဲတစ်မဲရလဒ်ထွက်ပေါ်ခဲ့သည်။ အကြံပေးအဖွဲ့မှာ ပြီးခဲ့သည့် ရက်သတ္တပတ်က Pfizer/BioNTech ကာကွယ်ဆေးကို ထောက်ခံပေးခဲ့ရာ နောက်တစ်ရက်အကြာတွင် FDA အကြီးအကဲက အရေးပေါ် အခြေအနေအတွက် အသုံးပြုခွင့်ပေးရန် အတည်ပြုပေးခဲ့သည်။
(KNT)