ယီရီဗန် ဒီဇင်ဘာ ၁၇
နာဂါနို - ကရာဘတ်ဒေသတွင် အဇာဘိုင်ဂျန်တပ်ဖွဲ့များက အာမေးနီးယားစစ်သည် ၁၀၀ နီးပါးကို ထိန်းသိမ်းထားသည်ဆိုသောသတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် အာမေးနီးယားနိုင်ငံတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နာဂါနို- ကရာဘတ်ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်နိုင်ငံလုံးမှ အနည်းဆုံး စစ်သည် ၅၀၀၀ သေဆုံးခဲ့ပြီးနောက် ရက်သတ္တပတ်ပေါင်းများစွာအကြာတွင် အဇာဘိုင်ဂျန်စစ်သည်များ ထိန်းသိမ်းခံရခြင်းဖြစ်သည်။
နာဂါနို- ကရာဘတ်ဒေသကို အဇာဘိုင်ဂျန်နိုင်ငံပိုင်နက်အဖြစ် နိုင်ငံတကာက သတ်မှတ်ထားသော်လည်း အာမေးနီးယားမျိုးနွယ်များက ထိန်းချုပ်ထားသည်။
နာဂါနို - ကရာဘတ်ဒေသတိုက်ပွဲကို ရုရှားနိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးသည့် အပစ်အခတ်ရပ်စဲရေး စာချုပ်ဖြင့်အဆုံးသတ်ခဲ့သော်လည်း တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အာမေးနီးယားနိုင်ငံက အဇာဘိုင်ဂျန်နိုင်ငံကို ဒေသသုံးခု လွှဲပြောင်းပေးအပ်ခဲ့ရပြီး ဒေသတစ်ခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိန်းသိမ်းခံရသည့် အဇာဘိုင်ဂျန်စစ်သည်အရေအတွက်ကို အတိအကျမသိရသေးသော်လည်း စစ်သည် ၆၀ မှ ၁၆၀ အထိရှိမည်ဟု သတင်းများက ဖော်ပြသည်။
စစ်တပ်ကင်းစခန်းအများအပြားနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့သည်ဟု ကရာဘတ်ဒေသ ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်အင်္ဂါနေ့ညတွင် ပြောသည်။ ဆန္ဒပြပွဲများမှာ အာမေးနီးယားနိုင်ငံ မြို့တော် ယီရီဗန်မြို့နှင့် ကရာဘတ်ဒေသတွင် ဖြစ်ပွားခြင်းဖြစ်သည်။ ပျောက်ဆုံးနေသည့် စစ်သည်များ၏ မိသားစုများက အသေးစိတ်အချက်အလက်များသိရရန် လမ်းပိတ်ဆို့တောင်းဆိုခဲ့ပြီး ဆန္ဒပြသူများက ယီရီဗန်မြို့ကာကွယ်ရေးဝန်ကြီးဌာနထံ ချီတက်ခဲ့ကြသည်။
(KNT)