ဘေဂျင်း ဒီဇင်ဘာ ၁၇
ကိုဗစ်-၁၉ ရောဂါ၏ဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန်အတွက် လာမည့်လတွင် နိုင်ငံတကာသိပ္ပံပညာရှင် ၁၀ဦး ပါဝင်သည့်အဖွဲ့က တရုတ်နိုင်ငံ ဝူဟန်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ပြောသည်။
တရုတ်အစိုးရမှာ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုလုပ်ခွင့်ပေးရန် ချီတုံချတုံဖြစ်ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဝူဟန်မြို့သို့ လာရောက်ခွင့်ပေးရန် လပေါင်းများစွာ အချိန်ယူဆွေးနွေးခဲ့ သည်။ ကိုဗစ်-၁၉ ရောဂါပိုးမှာ ဝူဟန်မြို့ရှိ အသားဈေးမှ စတင်ခဲ့ဖွယ်ရှိသည်ဟု ယူဆထားသည်။ သို့သော် ကိုဗစ်-၁၉ ရောဂါပိုး၏ ဇစ်မြစ်ရှာဖွေမှုနှင့်ပတ်သက်၍ အထူးသဖြင့် အမေရိကန်နိုင်ငံနှင့် တင်းမာမှုဖြစ်ပွားခဲ့သည်။ တရုတ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါစတင်ပြန့်ပွားမှုကိုဖုံးကွယ်ရန် ကြိုးပမ်းခဲ့သည်ဟု သမ္မတ ဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရက စွပ်စွဲခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကအပြစ်တင်ရန် ကြိုးပမ်းခြင်းမဟုတ်ဘဲ အနာဂတ်ကာလတွင် ရောဂါကူးစက် ပြန့်ပွားမှုများမဖြစ်အောင် တားဆီးကာကွယ်ရန်အတွက်ဖြစ်သည်ဟု ဝူဟန်မြို့သို့ သွားရောက်မည့်အဖွဲ့မှ ဇီဝဗေဒပညာရှင်တစ်ဦးက ပြောသည်။ စုံစမ်းစစ်ဆေးရေးခရီးစဉ်မှာ ရက်သတ္တပတ် ၄ ပတ် သို့မဟုတ် ၅ ပတ် ကြာမြင့်ဖွယ်ရှိသည်။
(KNT)