COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့် မြို့နယ် ရှိ ယုဇနပလာဇာ၊ ရွှေမင်္ဂလာဈေးနှင့် ရွှေပြည့်စုံဈေးတို့ကို ယနေ့မှစတင်ပြီး ယာယီပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါတယ်။ အဆိုပါဈေးများကို မတ် ၃၁ ရက်မှ ဧပြီ ၁၈ ရက်အထိ ယာယီပိတ်သိမ်းလိုက်ခြင်းဖြစ်ပြီး လိုအပ်ပါက ပိတ်သိမ်းကာလကို ထပ်မံတိုးမြှင့်သွားရန်ရှိကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ထုတ်ပြန်ထားသည်။ ယင်းဈေးများသည် အများပြည်သူဝင်၊ ထွက်သွားလာမှုများပြားသောဈေးကြီးများဖြစ်သည့်အတွက် ဝင်၊ ထွက်သွားလာသူ လျှော့ချကန့်သတ်နိုင်စေရန်နှင့် ကူးစက်မြန်ရောဂါထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ယာယီ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၏ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ အမှတ်စဉ်(၅)နှင့် အမှတ်စဉ်(၁၀)တို့သည် မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း နေထိုင်သူများဖြစ်ကြောင်း သိရသည်။ COVID-19 ရောဂါထိန်းချုပ်နိုင်ရန်အတွက် လူသုံးကုန်ပစ္စည်းများ၊ အများပြည်သူအတွက် အရေးတကြီး မလိုအပ်သော ကုန်ပစ္စည်းများကို ရောင်းချခွင့်ပိတ်သိမ်းခဲ့သော်လည်း ဈေးဝယ်စင်တာကြီးများနှင့် ဆေးဆိုင် များမှာ ပိတ်သိမ်းခြင်းမရှိဘဲ ဆက်လက်ရောင်းချလျက်ရှိသည်။ . ကျော်စိုးသူ(City News)