ဆစ်ဒနီ ဒီဇင်ဘာ ၁၆
မုယောစပါး တင်ပို့မှုအပေါ် တရုတ်နိုင်ငံက အခွန်စည်းကြပ်ခဲ့ခြင်းနှင့်ပတ်သက်၍ သြစတြေးလျနိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO)ထံ အယူခံဝင်မည်ဖြစ်သည်။
ယခုကဲ့သို့ ဥပဒေကြောင်းအရ စိန်ခေါ်မှုမှာ ၂၀၂၀ ပြည့်နှစ်အတွင်း ယင်းတို့၏ ပို့ကုန်ပစ္စည်းအမျိုးမျိုးကို တရုတ်နိုင်ငံက တားမြစ်ပိတ်ပင်ခြင်း၊ အခွန်စည်းကြပ်ခြင်းများ ပြုလုပ်ခြင်းနှင့်ပတ်သက်၍ သြစတြေးလျ နိုင်ငံ၏ ပထမဆုံး ခုခံကာကွယ်မှုဖြစ်သည်။
တရုတ်နှင့် သြစတြေးလျနိုင်ငံများကြား နိုင်ငံရေးတင်းမာမှုများ ဆိုးရွားလျက်ရှိရာ တရုတ်နိုင်ငံက နို့ထွက် ပစ္စည်း၊ အသား၊ ဝိုင်နှင့် အခြားပို့ကုန်ပစ္စည်းများကို ပိတ်ဆို့ခြင်း၊ အခွန်ကောက်ခံခြင်းများ ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံမှာ သြစတြေးလျ၏ အကြီးမားဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး သြစတြေးလျနိုင်ငံ၏ ပို့ကုန်ပစ္စည်း ၄၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့တင်ပို့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံက ယင်းကဲ့သို့ ပိတ်ဆို့ခဲ့ခြင်းကြောင့် သြစတြေးလျနိုင်ငံတွင် တုန်လှုပ်မှုများဖြစ်စေခဲ့သည်။ သြစတြေးလျနိုင်ငံက မိတ်ဆွေမပီသဘဲ ရန်လိုသည့် အပြုအမူများလုပ်နေသည်ဟု တရုတ်နိုင်ငံက စွပ်စွဲခဲ့ဖူးသည်။
(KNT)