ဝါရှင်တန် ဒီဇင်ဘာ ၁၆
Amazon ကုမ္ပဏီကိုတည်ထောင်သူ ဂျက်ဘီဇို့ဇ်၏ ဇနီးဟောင်း မက်ကင်ဇီစကော့က ပြီးခဲ့သည့်လေးလ အတွင်း food bank များနှင့် အရေးပေါ် ပြန်လည်ထူထောင်ရေး ရန်ပုံငွေများအတွက် အမေရိကန်ဒေါ်လာ ၄ ဘီလျံကျော် လှူဒါန်းခဲ့သည်။
ကပ်ရောဂါကြောင့် အခက်တွေ့နေသည့် အမေရိကန်ပြည်သူများကို ကူညီပေးလို သည်ဟု ဘလော့စာမျက်နှာတွင် မက်ကင်ဇီစကော့က ရေးသားခဲ့သည်။ ယခင်က အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၆ ဘီလျံ ကြွယ်ဝချမ်းသာသည့် မက်ကင်ဇီစကော့၏ ပိုင်ဆိုင်မှုမှာ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၇ ဘီလျံအထိ မြင့်တက်လာခဲ့ရာ ယင်းအနေဖြင့် ကမ္ဘာပေါ်တွင် ၁၈ ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
မက်ကင်ဇီစကော့မှာ အဖွဲ့အစည်း ၆၅၀၀ နီးပါးထဲမှ ထိရောက်မှုပိုများမည့် ပရဟိတအဖွဲ့အစည်း ၃၈၀ ကျော်ကို စိစစ်ရွေးချယ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
''စီးပွားရေး ဆုံးရှုံးမှုတွေ၊ အခုလို ကျန်းမာရေးရလဒ်တွေက အမျိုးသမီးတွေ၊ လူမည်းတွေ၊ ဆင်းရဲနွမ်းပါးသူ တွေအတွက် ဆိုးရွားပါတယ်။ တစ်ပြိုင်တည်းမှာပဲ ဘီလျံနာတွေရဲ့ ချမ်းသာကြွယ်ဝမှုကလည်း သိသိသာသာ မြင့်တက်လာပါတယ်'' ဟု မက်ကင်ဇီစကော့က ပြောသည်။
မက်ကင်ဇီစကော့မှာ ပြီးခဲ့သည့်ဇူလိုင်လကလည်း ပရဟိတအဖွဲ့အစည်း ၁၁၆ ခုအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံ လှူဒါန်းပေးခဲ့ရာ ယခုနှစ်အတွင်း ယင်း၏လှူဒါန်းမှုမှာ အမေရိကန်ဒေါ်လာ ၆ ဘီလျံရှိလာခဲ့သည်။
(KNT)