တမူး မေ ၅
မေ ၄ ရက်၊ ည ၉ နာရီခွဲအချိန် တမူးခရိုင်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့နှင့် အိန္ဒိယနိုင်ငံ မိုးရေးမြို့နယ်စပ်၌ မူးယစ်ဆေးဝါးများ သယ်ဆောင်နေကြောင်း သတင်းအရ လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် တမူးမြို့၊ စော်ဘွား(၅)ရပ်ကွက်၊ သုသာန်အနီးအရောက် သုသာန်ဘက်မှ မြို့ရှောင်လမ်းသို့ သာဝီ(ခ)ဖက်တီး(ခ)ပေါင်လက်ထီ (စိစစ်ဆဲ) မောင်းနှင်ပြီး ဘင်ဇမင်(၂၇)နှစ်နောက်ထိုင်လိုက်ပါလာသော ဆိုင်ကယ်သည် ပီနံအိတ်ထုပ် ၂ ထုပ်အား သယ်ဆောင်လာသည်ကို မသင်္ကာဖွယ်တွေ့ရှိရ၍ စစ်ဆေးရန်တားဆီးရာ နယ်စပ်ဘက်သို့ မောင်းနှင် ထွက်ပြေးသွား၍ လိုက်လံဖမ်းဆီးစဉ် နယ်စပ်အနီးရှိ တောအတွင်းသို့ အရောက်၌ ဆိုင်ကယ်မှာ လဲကျသွားပြီး ဆိုင်ကယ်မောင်းနှင်သူမှာ တောအတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။
ယင်းနောက် ကျန်ရစ်ခဲ့သူ ဘင်ဇမင်အား ဆိုင်ကယ်ခွကြားရှိ ပီနံအိတ်ထုပ်များအတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၃၉၆ ခွက် ၃ ဒသမ ၉၆ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မေလ ၅ ရက်၊ နံနက် ၄ နာရီ ၃၅ မိနစ်အချိန် ဘင်ဇမင်(ဖမ်းမိ)နှင့်သာဝီ(ခ)ဖက်တီး(ဖမ်းမမိ)တို့ ၂ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။
ဆွေဦး