နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေးအလေးပေး

ရန်ကုန်  ဒီဇင်ဘာ  ၁၄


ကမ္ဘာကြီးသည် လွန်ခဲ့သောရာစုနှစ်များကထက်ပို၍ ပူနွေးလာသည်။ ဤသည်ကိုအကြောင်းပြု၍ဒေသ အသီးသီး၏ရာသီဥတုဖြစ်စဉ်များပြောင်းလဲလာသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြီးသည် ကမ္ဘာတစ်ခွင်ပုံစံ အမျိုးမျိုးဖြစ်ပေါ်နေသည်ကိုအချိန်နှင့်တစ်ပြေးညီတွေ့မြင်နေရသည်။ ရာသီဥတုပြောင်းလဲမှု ကို ကမ္ဘာတစ်ဝန်းတွင်သာမက မြန်မာနိုင်ငံတွင်လည်း ရင်ဆိုင်တွေ့ကြုံခံစားနေရပြီဖြစ်သည့်အတွက်             မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များရေးဆွဲဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် အမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးလုပ်ငန်း အစီအစဉ်ကို ယခုနှစ်မကုန်မီတင်သွင်းရန် ရည်မှန်းထားသည်။ ကာဗွန်စုပ်ယူမှုမြှင့်တင်ရေးနှင့်စပ်လျဉ်း  ၍  နိုင်ငံဧရိယာ၏ စုစုပေါင်း ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် တိုးမြှင့်သတ်မှတ်ရေး ရည်မှန်းထားသကဲ့သို့ သစ်တောများပြန်လည်တည်ဆောက်‌ရေးစီမံကိန်း ၂၀၁၇-၂၀၂၇ နှင့်အညီ မြေဧရိယာဟက်ကာ ၀ ဒသမ ၅၉  သန်း ကြိုးဝိုင်းသစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့်အစိုးရနင့် ပုဂ္ဂလိကအပိုင်မြေများ၏ ဧရိယာဟက်ကာ ၀ ဒသမ ၂၅ သန်းတွင် သစ်ပင်များစိုက်ပျိုးသွားမည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝန်းဖန်လုံအိမ်အာနိသင်ရှိဓာတ်ငွေ့များထုတ်လွှတ်မှုသည် လျင်မြန်စွာ မြင့်တက်လာနေကြောင်း ကမ္ဘာတစ်ဝန်းက အစီအမံများပြုလုပ်ထိန်းချုပ်သွားရန်လိုအပ်ကြောင်း ကုလသမဂ္ဂ အသိပေးချက်တစ်ရပ်ထုတ်ပြန်ထားသည်။ မြေကမ္ဘာကိုဒုက္ခပေးနေသော ကာဗွန်ဓာတ်ငွေ့လျှော့ချရေးကို အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အစိုးရများက ဆွေးနွေးညှိနှိုင်းအဖြေရှာနေကြသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁-၂၀၃၀ ကာလအတွင်းကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ် မှု   တန်ချိန်ပေါင်း ၅ ဒသမ ၉၉ သန်းနီးပါး လျှော့ချနိုင်ရေးအတွက် ထင်းသုံးစွဲမှုလျော့နည်းသည့် စွမ်းအားမြင့်  မီးဖို ၅ ဒသမ ၁ သန်း ဖြန့်ဖြူးသွားရန်  စီစဉ်ထားရှိကြောင်း ပါရီသဘောတူညီချက် ၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂ၊ ဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့က ချီလီနိုင်ငံနှင့်အီတလီနိုင်ငံတို့နှင့် မိတ်ဖက်ပူးပေါင်းကာ ဒီဇင်ဘာ ၁၂ ရက်တွင် အွန်လိုင်းစနစ်ဖြစ်ကျင်းပခဲ့သည့် အစည်းအ‌ဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်  ဗီဒီယိုဖြင့်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုသည်လက်ရှိအနေအထားအတိုင်း ဆက်လက်ထုတ်လွှတ်ခွင့်ပြု ထားလျှင် နောက်ပိုင်းထိထိရောက်ရောက်ကိုင်တွယ်ဆောင်ရွက်သွားရန် မလွယ်ကြောင်း ကုလသမဂ္ဂက အသိ ပေးထုတ်ပြန်ထားရာ သတိပြုဆင်ခြင်စရာဖြစ်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ