ဂျာကာတာ ဒီဇင်ဘာ ၁၄
SpaceX ကုမ္ပဏီ၏ ဒုံးပျံလွှတ်တင်ရာနေရာအဖြစ် အသုံးပြုရန် အင်ဒိုနီးရှားနိုင်ငံက ကုမ္ပဏီပိုင်ရှင် အီလွန်မက်စ်ကို ဖိတ်ခေါ်ထားသည်။ အင်ဒိုနီးရှားနိုင်ငံမှာ အီလွန်မက်စ် ပိုင်ဆိုင်သည့် Tesla ကုမ္ပဏီနှင့်လည်း လျှပ်စစ်ဘက်ထရီ ပူးပေါင်းထုတ်လုပ်ရေးအတွက် ဆွေးနွေးလျက်ရှိသည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အီလွန်မက်စ်နှင့် ဆွေးနွေးမှုလုပ်ခဲ့သည်ဟု အင်ဒိုနီးရှားနိုင်ငံ ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ပြောသည်။ လာမည့်ဇန်နဝါရီလတွင် အီလွန်မက်စ်က ရင်းနှီးမြှုပ်နှံမှုအလားအလာများကို ရှာဖွေရန်အတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟု ဆိုသည်။
အဆိုပါဆွေးနွေးမှုတွင် ဂျာဗားကျွန်းအလယ်ပိုင်း၌ စက်ရုံတည်ဆောက်ရေးကိစ္စကိုလည်း ဆွေးနွေးခဲ့သည်။ ကြေးနီ၊ နီကယ်နှင့် သတ္တု အရန်သိုက်ကြီးများရှိသည့် အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားဘက်ထရီထုတ်လုပ်သည့်နိုင်ငံဖြစ်လာရန် ရည်မှန်းလျက်ရှိသည်။
အဆိုပါဆွေးနွေးမှုတွင် အင်ဒိုနီးရှားနိုင်ငံ၌ ဒုံးပျံလွှတ်တင်ရေးစခန်း တည်ဆောက်နိုင်မည့် အလားအလာရှိ၊ မရှိ စူးစမ်းလေ့လာပေးရန် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အီလွန်မက်စ်ကို တောင်းဆိုခဲ့သည်။
''အင်ဒိုနီးရှား နိုင်ငံကို SpaceX ကုမ္ပဏီအတွက် ဒုံးပျံလွှတ်တင်ရာနေရာဖြစ်နိုင်မလားဆိုတာ လေ့လာကြည့်ရှုပေးဖို့ သမ္မတဂျိုကိုဝီဒိုဒိုက အီလွန်မက်စ်ကို ဖိတ်ခေါ်ထားပါတယ်''ဟု ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနကပြောသည်။
(KNT)