တီဟီရန် ဒီဇင်ဘာ ၁၃
မက်ဆေ့ပို့သည့် app အသုံးပြုပြီး သပ်လျှိုသွေးခွဲခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ဂျာနယ်လစ်ကို အီရန်နိုင်ငံက ကွပ်မျက်ခဲ့သည်။ ရူဟိုလာဇမ်၏ သေဒဏ်ကို အထက်တရားရုံးချုပ်က အတည်ပြုခဲ့ပြီးနောက် ပြီးခဲ့သည့်စနေနေ့တွင် ယင်းကို ကြိုးပေးကွပ်မျက်ခဲ့ခြင်းဟု အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းက ဖော်ပြသည်။
ပြင်သစ်နိုင်ငံတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ရူဟိုလာဇမ်သည် ပြီးခဲ့သည့်နှစ်က အီရတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဟု ဆိုသည်။ ယင်းမှာ အီရန်အစိုးရ ဆန့်ကျင်ရေး နာမည်ကျော် ဝက်ဘ်ဆိုက်ဖြစ်သည့် Amad News ကို တည်ထောင်ခဲ့သူဖြစ်သည်။ အဆိုပါ ဝက်ဘ်ဆိုက်က ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များအတွင်း ဆန္ဒပြပွဲများပေါ်ပေါက်အောင် လှုံ့ဆော်ခဲ့သည်ဟု အီရန်နိုင်ငံက စွပ်စွဲခဲ့သည်။ Telegram တွင် အားပေးသူ တစ်သန်းကျော်ရှိသည့် အဆိုပါသတင်းဝက်ဘ်ဆိုက်မှာ အီရန်အစိုးရအရာရှိများ၏ မကောင်းသတင်းများ၊ ဆန္ဒပြသည့် ဗီဒီယိုများကို ဝေမျှခဲ့သည်။
အဆိုပါဝက်ဘ်ဆိုက်ကို အီရန်အစိုးရက ပိတ်ပစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အခြားအမည်တစ်ခုဖြင့် ပြန်ဖွင့်ပေးခဲ့သည်။ ပြုပြင်ပြောင်းလဲရေး လိုလားသည့် ဘာသာရေးခေါင်းဆောင် အလီဇမ်၏ သားဖြစ်သူ ရူဟိုလာဇမ်သည် ယခုနှစ်အစောပိုင်းက အီရန်နိုင်ငံ၏ အကြီးလေးဆုံး ပြစ်မှုတစ်ခုဖြစ်သည့် ကမ္ဘာမြေအပေါ် အကျင့်ပျက်ခြစားမှုဖြင့် စီရင်ချက်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
(KNT)