အက်ဒစ်အဘာဘာ ဒီဇင်ဘာ ၁၂
ပြီးခဲ့သည့်လက အီသီယိုးပီးယားနိုင်ငံ တိုင်ဂရေးဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ထောက်ပံ့ကူညီရေး လုပ်သားလေးဦး သေဆုံးခဲ့ကြောင်း ထောက်ပံ့ကူညီရေးအေဂျင်စီများက ပြောသည်။
ဒိန်းမတ်နိုင်ငံ ဒုက္ခသည်အေဂျင်စီက လုံခြုံရေးအစောင့်အကြပ် သုံးဦး သေဆုံးခဲ့သည်ဟု ဖော်ပြခဲ့ပြီး နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီက ယင်းတို့၏ အဖွဲ့ဝင်တစ်ဦး အသတ်ခံခဲ့ရသည်ဟု ဆိုသည်။
နိုဝင်ဘာလ ၄ ရက်မှစတင်၍ တိုင်ဂရေးဒေသတွင် အီသီယိုးပီးယားအစိုးရတပ်ဖွဲ့များနှင့် တိုင်ဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုင်ဂရေးဒေသကို ထိန်းချုပ်နိုင်ခဲ့ပြီး ပဋိပက္ခ အဆုံးသတ်သွားပြီဟု အီသီယိုးပီးယားအစိုးရက ပြောသည်။ သို့သော် ရှေ့တန်းစစ်မျက်နှာပြင်အများအပြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဟု တိုင်ဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ခေါင်းဆောင်များက ပြောသည်။ အဆိုပါပဋိပက္ခတွင် လူရာပေါင်းများစွာ သေဆုံးခဲ့ပြီး လူ ၅၀၀၀၀ မှာ အိမ်နီးချင်း ဆူဒန်နိုင်ငံသို့ ထွက်ပြေးခဲ့သည်ဟု ဆိုသည်။
အီရစ်ထရီယာတပ်ဖွဲ့များက တိုင်ဂရေးဒေသသို့ ဝင်ရောက်ခဲ့သည်ဟု အမေရိကန်နိုင်ငံက စွပ်စွဲထားပြီး အဆိုပါစွပ်စွဲချက်ကို အီသီယိုးပီးယားနှင့် အီရစ်ထရီယာနိုင်ငံ နှစ်နိုင်ငံလုံးက ငြင်းဆန်ခဲ့သည်။
(KNT)