ဝါရှင်တန် ဒီဇင်ဘာ ၁၂
ကိုဗစ်-၁၉ ကာကွယ်ဆေး ဖော်စပ်၊ ထုတ်လုပ်၊ ဖြန့်ဖြူးရေးလုပ်ငန်းစဉ်များအတွက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟောင်း ဘီလ်ဂိတ်တို့ ဇနီးမောင်နှံ တည်ထောင်ထားသည့် Bill and Melinda Gates ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ သန်း ၂၅၀ ထပ်မံရင်းနှီးမြှုပ်နှံပေးမည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် ကာကွယ်ဆေးဖော်စပ်မှု၊ ဖြန့်ဖြူးမှုလုပ်ငန်းများတွင် Bill and Melinda Gates ဖောင်ဒေးရှင်း၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅ ဘီလျံအထိ ရှိလာခဲ့သည်။
''ဒီအစီအစဉ်ကတော့ ကာကွယ်ဆေးထုတ်လုပ်နိုင်အောင် ပူးပေါင်းလုပ်ဆောင်ရေးပါပဲ။ ဒါက ဝမ်းနည်းစရာ ကောင်းတယ်ဆိုတာ ခင်ဗျားလည်း သိပါတယ်။ ဒါပေမဲ့ ကပ်ရောဂါ အဆုံးသတ်အောင် လုပ်ဆောင်နေတဲ့အထဲမှာ သူရဲကောင်းတွေ အများကြီးရှိပါတယ်''ဟု ဘီလ်ဂိတ်က ပြောသည်။
ဘီလ်ဂိတ်စ်တို့ ဇနီးမောင်နှံမှာ ၂၀၁၅ ခုနှစ်ကတည်းက ကာကွယ်ဆေးနည်းပညာအတွက် ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ကိုဗစ်-၁၉ ကပ်ရောဂါကို အဆုံးသတ်နိုင်ရန် messenger RNA ကာကွယ်ဆေး၏ အရေးပါမှုကို အဓိကထား ပြောကြားခဲ့သည်။ အဆိုပါကာကွယ်ဆေးမှာ အနာဂတ်ကာလတွင် ဖြစ်လာနိုင်သည့် ရောဂါများကိုလည်း အဆုံးသတ်ပေးနိုင်မည့်အလားအလာရှိသည်ဟု ဆိုသည်။
ထို့အပြင် အခြားဘီလျံနာပုဂ္ဂိုလ်များကလည်း ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ဖြန့်ဖြူးမှုလုပ်ငန်းစဉ်တွင် ကြုံတွေ့နေသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်အောင် ပါဝင်ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဘီလ်ဂိတ်က ပြောသည်။ ''ကျွန်တော်တို့ ဒီထက် ပိုလုပ်နိုင်မယ်၊ ဒီထက် ပိုလှူဒါန်းသင့်တယ်၊ ဒီထက် ပိုအမြော် အမြင်ရှိသင့်တယ်လို့ အမြဲတွေးမိပါတယ်။ အနာဂတ်ကာလမှာတော့ လူတွေ ဒီထက်ပိုပြီး စေတနာ သဒ္ဓါတရား ရက်ရောလာဖို့ မျှော်လင့်ပါတယ်'' ဟု ဘီလ်ဂိတ်က ဆိုသည်။
(KNT)