ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀
Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးက ဘေးကင်းပြီး အာနိသင်ထက်မြက်သည်ဟု အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA)၏ အကြံပေးအဖွဲ့ဖြစ်သည့် ကျန်းမာရေးပညာရှင်အဖွဲ့က ထောက်ခံခဲ့သည်။
အသက် ၁၆ နှစ်အထက် အရွယ်ရှိသူများကို အရေးပေါ်အခြေအနေတွင် Pfizer ကာကွယ်ဆေး ထိုးနှံပေးသင့်၊ မပေးသင့် ဆုံးဖြတ်ရန် ကျန်းမာရေးပညာရှင်အဖွဲ့ တွေ့ဆုံပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၇ မဲ၊ ကန့်ကွက်မဲ ၄ မဲ၊ ကြားနေမဲ ၁ မဲရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် Pfizer ကာကွယ်ဆေးကို အသုံးပြုရန် ထောက်ခံချက်ပေးခဲ့ခြင်းဖြစ်သည်။
အမေရိကန် FDA မှာ ကြုံတောင့်ကြုံခဲဖြစ်ရပ်မျိုးမှလွဲ၍ အကြံပေးအဖွဲ့ရဲ့ အကြံပြုချက်ကို လက်ခံလေ့ရှိသည်။ ထို့ကြောင့် လာမည့်ရက်ပိုင်းအတွင်း Pfizer ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးဖွယ်ရှိပြီး သူနာပြုများ၊ စောင့်ရှောက်ရေးဂေဟာဝန်ထမ်းများကို ဦးစားပေးထိုးနှံပေးရန် ရှိနေသည်။
Pfizer ကာကွယ်ဆေးကို အသုံးပြုရန် ဗြိတိန်၊ ကနေဒါ၊ ဘာရိန်း၊ ဆော်ဒီနိုင်ငံများတွင် ခွင့်ပြုချက် ပေးထားပြီးဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး ကမ္ဘာပေါ်တွင် တစ်ရက်တာ လူသေဆုံးမှုစံချိန်သစ် တင်ခဲ့ပြီးနောက်မှာ အမေရိကန် FDA ၏ အကြံပေးအဖွဲ့က Pfizer ကာကွယ်ဆေးကို ထောက်ခံချက်ပေးခဲ့သည်။
Pfizer ကုမ္ပဏီက အမေရိကန်နိုင်ငံအတွက် ပထမအသုတ်အဖြစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် ကာကွယ်ဆေး အဖုံရေ ၆ ဒသမ ၄ သန်း ပံ့ပိုးပေးရန် စီစဉ်နေသည်။
KNT