နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီဥတုပြောင်းလဲမှုနှင့် ရေသယံဇာတ

ရန်ကုန်၊ ဒီဇင်ဘာ  ၁၀

ကမ္ဘာအရပ်ရပ်တွင် မမျှော်လင့်သော  သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားလေ့ရှိသည်။ သဘာဝဘေးအန္တရာယ်ဟူသည် ကြိုတင်တွက်ဆ၍မရပါ။ တောမီးလောင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းစသည့် သဘာဝဘေးအန္တရာယ်တို့သည် မမျှော်လင့်ဘဲ ဖြစ်ပွားတတ်သည်။ သို့သော်လည်း သဘာဝဘေးအန္တရာယ်ကြောင့် ကျရောက်လာမည့် ဘေးအန္တရာယ်အသွယ်သွယ်တို့မှ ဆုံးရှုံးပျက်စီးမှုနည်းနိုင်သမျှ နည်းအောင် ကြိုတင်ပြင်ဆင်ကြရသည်။ ယခုအခါ ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်ဖြစ်သည့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်းစသည်များကို ရင်ဆိုင်နေကြရပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း မိုးခေါင်ခြင်း၊ မိုးများခြင်း၊ ပူပြင်းမှုကာလရှည်လျားပြီး ဆောင်းကာလတိုခြင်းတို့ ကြုံတွေ့နေရသည်။

ကမ္ဘာ့လူဦးရေသည် လျင်မြန်စွာတိုးပွားလာမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် ရေသယံဇာတရှားပါးမှု သည် အရေးကြီးသောစိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ထား သည်။ နိုင်ငံအတွက်အရေးကြီးသော စိုက်ပျိုးရေးလုပ်ငန်းအတွက်လည်းကောင်း၊ သောက်သုံးရေအတွက် လည်းကောင်း လိုအပ်သောရေချိုအရင်းအမြစ်များကို နည်းမျိုးစုံဖြင့်ထိန်းသိမ်းကာ အကျိုးရှိစွာသုံးနိုင်ရန် လိုအပ်သည်။

ယနေ့ကြုံတွေ့နေရသော ရေနှင့် မြေအသုံးချစနစ်လွဲမှားမှုကြောင့် သန့်ရှင်းသော သောက်သုံးရေရှားပါးလာ ခြင်း၊ ရေထွက်များခန်းခြောက်လာခြင်း၊ မြေအောက်ရေများ ဆုတ်ယုတ်လာခြင်းတို့ကြောင့် သက်ဆိုင်ရာများက ပူးပေါင်းပါဝင်ခြင်းဖြင့် အစိမ်းရောင်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေသည်။ ရေချိုအရင်းအမြစ်များ မဆုံးရှုံးစေရန် ဆည်မြောင်း၊ ကန်ချောင်းများအား ဆည်ဖို့ခြင်း၊ အသစ်တူးဖော်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရပေမည်။ ရေတွင်း၊ ရေကန်များအား လူထုအဖွဲ့အစည်းများဖြင့်သော်လည်းကောင်း၊ စက်ယန္တရားအကူအညီဖြင့်သော် လည်းကောင်း၊ ဒေသဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများနှင့်သော် လည်းကောင်း ပူးပေါင်းကူညီ တိုင်ပင်ဆောင်ရွက်သင့်ပေသည်။ ရေတွင်း၊ ရေကန်များ၊ ချောင်းမြောင်း၊ အင်းအိုင်များ ရေခန်းခြောက်သော မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် လူသားချင်းစာနာထောက်ထားသူများ၊ စေတနာရှင် များ၏ စက်ရေတွင်း တူးဖော်လှူဒါန်းပေးမှုများ သတင်းစာမျက်နှာများတွင် တွေ့နေရပေသည်။

စေတနာရှင်များ၏ လှူဒါန်းပေးမှုကြောင့် အတန်အသင့်ပြေလည်မှုရရှိသည်မှာလည်း ဝမ်းမြောက်ဖွယ် ဖြစ်သည်။ လူသားအားလုံး ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရာသီဥတုသည် အဓိကအချက်ဖြစ်သည်။ ရေသယံဇာတကို အကျိုးရှိစွာသုံးစွဲရေးသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို အထောက်အပံ့ ဖြစ်သည်ကို သတိပြုပူးပေါင်းကာကွယ်စေချင်ကြောင်း။            ။






အခြားဆက်စပ်သတင်းများ