နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဝအသိ တိုးတက်စေချင်

ရန်ကုန်၊ ဒီဇင်ဘာ  ၈


လောက၌ လူတိုင်းသည် အသိတရားရှိကြ၍ ထိုအသိတရားအတိုင်း သတိပြုကျင့်ကြံနေထိုင်သွားခဲ့ပါမူ တိုးတက်ခြင်း၊ ကြီးပွားခြင်း၊ ဖွံ့ဖြိုးခြင်းဟူသော အကြောင်းတရားအရ ကောင်းကျိုးချမ်းသာကိုရရှိစေ၏။ လူတို့သည် နေ့စဉ်နှင့်အမျှ လုပ်ကိုင်ရသော အလုပ်တို့၌ အဆင်ပြေသည်လည်းရှိသည်။ အဆင်မပြေသည်လည်း ရှိသည်။ အများစုတို့မှာ အဆင်ပြေပြေတည်တည်ငြိမ်ငြိမ် လုပ်ကိုင်သွားနိုင်ကြသော်လည်း အချို့မှာအဆင်မပြေ ကြပါ။ ထိုအခါ စိတ်ဖိစီးမှုများ ဖြစ်ရပါသည်။ လူတိုင်းလူတိုင်းသည် လောဘ၊ ဒေါသ၊  မောဟတို့ကို တဖြည်းဖြည်း လျှော့ချနိုင်လျှင် ကောင်းမှန်းသိသည်။ လူသည် သောကတည်းဟူသော စိတ်ဖိစီးမှုနှင့်မကင်းနိုင်ကြပါ။ အနည်းနှင့်အများ လူတိုင်းတွင်သောကရှိပါသည်။ အနည်းငယ်မျှသော သောက (ဝါ) စိတ်ဖိစီးမှုသည် လူတို့ အတွက် မပြောပလောက်သော်လည်း ကြီးမားသော စိတ်ဖိစီးမှုနှင့်ကြုံတွေ့ရသောအခါ အသက်အန္တရာယ် ခြိမ်းခြောက်တတ်ပါသည်။ ပြင်းထန်သောစိတ်ဖိစီးမှုကြောင့် ကြံမိကြံရာကြံတတ်ကြပါသည်။

အဆင်ပြေမှုများ စုပြုံလာသည့်အခါ စိတ်ထွက်ပေါက်ကို အမြန်ဆုံးဖွင့်ပေးသင့်၏။ စိတ်ပြေရာပြေကြောင်း ပြုလုပ်ပေးခြင်းသည် စိတ်ထွက်ပေါက်ဖွင့်ပေးခြင်းပင်ဖြစ်သည်။ စိတ်ထွက်ပေါက်ရှာခြင်းကို အချို့က ဓမ္မနည်းလမ်းအရလည်းကောင်း၊ အချို့ကပျော်ရွှင်ဖွယ်ရာအမှုတို့ကို ပြုခြင်းအားဖြင့်သော်လည်းကောင်း စိတ်ထွက်ပေါက်ရှာလေ့ရှိသည်။ ယခုအခါ ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားမှုသည် မြန်မာနိုင်ငံတွင် တစ်နှစ်နီးပါးခန့် ဖြစ်လာသည်။ ကိုဗစ် ၁၉ ကူးစက်ရောဂါဖြစ်ပွားမှုစတင်ကတည်းက အတည်ပြုလူနာအားလုံးရဲ့ ၇၄ ရာခိုင်နှုန်း သည် ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပြီး သေဆုံးသူအားလုံးရဲ့ ၉၂ ဒသမ ၇ ရာခိုင်နှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေထူထပ်မှု၊ အသွားအလာများပြားမှုကြောင့် ရောဂါပြန့်ပွားမှု များခြင်းနှင့် ပြည်သူလူထုစည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့်ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် စားဝတ်နေရေးအတွက် အလုပ်အကိုင်ရှာဖွေ၊ ရောင်းဝယ်မှုသည် ကျန်းမာရေးအတွက် ထိခိုက်နိုင်သော်လည်း ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်အဖြစ်က ရတက်မအေးဖြစ်နေရသည်။

ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူသို့အစီရင်ခံစာတင်ပြသည့်မိန့်ခွန်းကို ဒီဇင်ဘာ ၇ ရက်ညက ပြောကြားရာတွင် စည်းကမ်းလိုက်နာဖို့ကို ရှေ့တန်းတင်ပြီးတော့ လုပ်စေချင်ပါတယ်။ အောင်မြင်ခြင်းတရားလေးပါးက ဆန္ဒနှင့်စတယ်ဆိုပေမယ့် ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာတို့ စုပေါင်းလုပ်ဆောင်ရခြင်းဖြစ်ကြောင်း ကျွန်မအကြိမ်အခါခါ ပြောပါတယ်။ ဆန္ဒနဲ့မပြီးဘူး။ ဝီရိယ၊ ဝီရိယဆိုတာ အင်အား စိုက်ထုတ်မှု၊ အင်အားစိုက်ထုတ်ရင်းနှင့်ပင်ပန်းလာတဲ့ အခါကျရင် စိတ်ဓာတ်၊ ကိုယ့်စိတ်ကနေပြီးတော့ ဆက်ပြီးလုပ်နိုင်အောင် စွမ်းဆောင်ပေးရတာဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်ပိုင်းအင်အားတွေ၊ ကိုယ်ရဲ့ရုပ်ပိုင်းအင်အားတွေ ဘယ်လိုအကောင်းဆုံးသုံးရမလဲဆိုတာ ပညာက လမ်းပြတာဖြစ်တယ်။ အောင်မြင်ခြင်းတရား လေးပါး ပြည့်စုံစွာနှင့် ကိုဗစ် ၁၉ ကို မြန်မြန်ဆန်ဆန်ကျော်လွှား နိုင်ပါစေဟု ထည့်သွင်းပြောကြားခဲ့သည်။ အသိတရားများအပေါ်  ဆင်ခြင်ကျင့်ကြံအားထုတ်မည်ဆိုသော် ကိုဗစ် ၁၉ ကူးစက်ရောဂါအလွန် ဘဝတစ်လျှောက်လုံးတိုးတက်နေမည်ဟု ဆိုချင်ပါကြောင်း။        ။






အခြားဆက်စပ်သတင်းများ