နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အငြင်းပွားဖွယ် လုံခြုံရေးဥပဒေကြမ်းကြောင့် ပြင်သစ်နိုင်ငံတွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွား

ဒီဇင်ဘာ ၆၊ ပါရီ


ပြင်သစ်နိုင်ငံ ပါရီမြို့တွင် အငြင်းပွားဖွယ် လုံခြုံရေးဥပဒေကြမ်းအပေါ် ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ 

မျက်နှာဖုံးစွပ်ထားသည့် ဆန္ဒပြသူများက ဈေးဆိုင်ပြတင်းပေါက်များကို ရိုက်ခွဲပြီး ကားအများအပြားကို မီးတင်ရှို့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုခဲ့သည်။ မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ရဲတပ်ဖွဲ့ဝင်များကို ဓာတ်ပုံရိုက်ခြင်းအား တရားမဝင်ဟု သတ်မှတ်နိုင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံတစ်ဝန်းတွင် စုဝေးဆန္ဒပြပွဲ ၁၀၀ နီးပါး စီစဉ်ထားသည်ဟု ဆိုသည်။ 

အဆိုပါဥပဒေကြမ်းမှာ ရဲတပ်ဖွဲ့၏ အင်အားသုံးမှုကို မှတ်တမ်းတင်မည့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိပါးစေသည်ဟု အတိုက်အခံ နိုင်ငံရေးသမားများက ပြောသည်။ ပြင်သစ်နိုင်ငံတွင် အဆိုပါ ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိပြီး လူဖြူရဲအရာရှိ ၃ ယောက်က လူမည်း ဂီတပရိုဂျူဆာ တစ်ယောက်ကို လူမျိုးရေးအရ စော်ကား၊ ရိုက်နှက်ခဲ့သည့် ရုပ်သံမှတ်တမ်း ထွက်ပေါ်လာပြီးနောက် ဆန္ဒပြပွဲများ အရှိန်အဟုန် ပိုကောင်းလာခဲ့သည်။ 

မကျေနပ်မှုများ ထွက်ပေါ်ခဲ့ခြင်းကြောင့် ဥပဒေတစ်စိတ်တစ်ပိုင်းကို ပြန်လည်ရေးဆွဲမည်ဟု သမ္မတ မက်ခရွန်၏ အာဏာရပါတီက ပြောခဲ့သော်လည်း ဆန့်ကျင်ကန့်ကွက်သူများကို ငြိမ်သက်သွားအောင် လုပ်နိုင် ခဲ့ခြင်း မရှိပေ။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ