ဒီဇင်ဘာ ၆၊ ဝါရှင်တန်
ဂျော်ဂျီယာပြည်နယ်တွင် ဂျိုးဘိုင်ဒင်၏ မဲအနိုင်ရလဒ်ကို ပယ်ဖျက်နိုင်အောင် ကူညီပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျော်ဂျီယာပြည်နယ်အုပ်ချုပ်ရေးမှူးကို ဖိအားပေးခဲ့သည်။ ဂျော်ဂျီယာလွှတ်တော်ကို အရေးပေါ်အစည်းအဝေးခေါ်ယူရန် ဒေါ်နယ်ထရမ့်က ပြည်နယ်အုပ်ချုပ်ရေးမှူး ဘရိုင်ယန်ကမ့်ကို တွစ်တာပေါ်မှ တိုက်တွန်းခဲ့သည်။
ဒုတိယအဆင့် ထပ်မံယှဉ်ပြိုင်ရမည့် အထက်လွှတ်တော်အမတ်ရွေးကောက်ပွဲအတွက် ဂျော်ဂျီယာ ပြည်နယ်တွင် ကျင်းပသည့် မဲဆွယ်စည်းရုံးပွဲသို့ မတက်ရောက်မီ နာရီပိုင်းအကြာတွင် ဒေါ်နယ်ထရမ့်က ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့်က သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီဟု လက်ခံရန် ငြင်းဆန်နေဆဲဖြစ်ပြီး မဲမသမာမှုများရှိခဲ့သည်ဟု အထောက်အထားမဲ့ စွပ်စွဲလျက်ရှိသည်။ ဒေါ်နယ်ထရမ့်က ပြည်နယ်အများအပြားတွင် ဥပဒေကြောင်းအရ စိန်ခေါ်မှုများ လုပ်ခဲ့သော်လည်း တရားစွဲဆိုမှုအားလုံးနီးပါး ပယ်ချခံခဲ့ရသည်။ ဂျော်ဂျီယာပြည်နယ်မှာ ရွေးကောက်ပွဲတွင် အကြိတ်အနယ်ယှဉ်ပြိုင်ရသည့် အဓိက ပြည်နယ်တစ်ခုဖြစ်ပြီး ဂျိုးဘိုင်ဒင်က ပွတ်ကာသီကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
Ref:BBC(KNT)