နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကာလ မုန်တိုင်းငယ် နှင့် မေလလယ်

ရန်ကုန်   မေ    ၄

 မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏  မေ ၁ ရက်၊ မွန်းလွဲ ၁ နာရီအချိန်ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေကြောင်း၊ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက် ၉၆ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ရောက်ရှိပြီး မြောက်-အနောက်မြောက်ဘက်သို့ တဖြည်းဖြည်းရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ထို့အပြင် မေလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းနှစ်ကြိမ်ဖြစ်နိုင်ပြီး တစ်ကြိမ်တွင် မုန်တိုင်းငယ်(Depression)အဖြစ် ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထားသည်။ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံကို မေ ၁၆ ရက်မှစတင်ပြီး ဝင်ရောက်လာမည်ဖြစ်ရာ-
-    မေ ၁၆ ရက် မှ မေ ၂၁ ရက်အထိ မြန်မာနိုင်ငံတောင်ပိုင်း၊
-    မေ ၂၂ ရက် မှ မေ ၂၇ ရက်အထိ မြစ်ဝကျွန်းပေါ်ဒေသ၊
-    မေ ၂၈ ရက် မှ ဇွန် ၂ ရက်အထိ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊
စသည့် အထက်ပါဒေသအသီးသီးသို့ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထို့အပြင် မေလပထမ ပတ်နှင့် မေ ၁၀ ရက်တာအတွက် ခန့်မှန်းချက်များအရ တိုင်းဒေသကြီးနှင့်ပြည်နယ်အများစုတွင် မိုးရွာ နိုင်ကြောင်း သိရသည်။

ထို့မျှမက ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့သည်လည်း မုန်တိုင်း ဒဏ်ကို ခံစားရနိုင်သည့်ဒေသများဖြစ်ပြီး မုန်တိုင်းဖြစ်ပေါ်ပါက မုန်တိုင်းနှင့်အတူ မုန်တိုင်းဒီရေတက်ခြင်း၊ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းရာမှ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြို/တောင်ပြိုခြင်း၊ တောင်ကျချောင်းများတွင် ရုတ်တရက်အရှိန်အဟုန်ဖြင့် ရေစီးခြင်း/ရေကျော်ခြင်းများ ဖြစ်ပွားနိုင်သဖြင့် ကုန်းတွင်းပိုင်းဒေသများသည်လည်း  မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း အခြား သက်ရောက်မှုများရှိနိုင်ကြောင်း သတိပြုကြိုတင်ပြင်ဆင်ကြဖို့လိုကြောင်း စသည်တို့ကိုလည်း သက်ဆိုင်ရာမှ သတိပေးထားပါသည်။

သို့ပါ၍ ကမ်းရိုးတန်းဒေသများသာမက ကုန်းတွင်းပိုင်းဒေသများသည်လည်း မုန်တိုင်းနှင့်ပတ်သက်၍ အထူးသတိပြုရန်လိုအပ်ပြီး အောက်ဖော်ပြပါ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကြံပြုထားသည်။
မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ရေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လေပြင်းမုန်တိုင်းအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ အများပြည်သူများအတွက် နှစ်စဉ်နှစ်တိုင်း ယခုလိုသတိပေးထားသည်။

ဖေဖော်ဝါရီလလယ်မှ မေလလယ်အထိအချိန်ကာလသည် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် လေပြင်း တိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်သည့်ကာလဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးဖြစ်ပွားလေ့ရှိပါသည်။
မုန်တိုင်းဖြစ်ပေါ်လာပါက လုံခြုံမှုရှိစေရေး ဘေးလွတ်ကင်းရာနေရာတွင် ခိုလှုံနေထိုင်ရန်လိုအပ်သည်။ သို့သော်ယခုကာလသည် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေချိန်ဖြစ်သဖြင့် တတ်နိုင်ပါက မိမိအိမ်၌သာ ခိုလှုံနေထိုင်နိုင်ရေးအတွက် နေအိမ်အဆောက်အဦများအား လေဒဏ်၊ မိုးဒဏ်ခံနိုင်စေရန် ပြင်ဆင်ထားပါ။

လိုအပ်လာပါက အရေးပေါ်ပြောင်းရွှေ့နိုင်ရန်စီစဉ်ထားပြီး အရေးပေါ်သုံးပစ္စည်းများ၊ စားရေးရိက္ခာနှင့် အရေးကြီး စာရွက်စာတမ်းများကို မိမိနှင့်အတူထားရှိပါ။
COVID-19 ကူးစက်ရောဂါ ကာကွယ်နိုင်ရန်အတွက် ဆပ်ပြာ၊ လက်သန့်ဆေးရည်နှင့်နှာခေါင်း စည်းများ ကြိုတင်စုဆောင်းယူဆောင်သွားပါ။ လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့် ဆောင်ထားပါ။  လက်ကိုင်ဖုန်းများကို အားသွင်းထားပါ။ မိသားစုများ ကွဲကွာသွားပါက ပြန်လည်ဆုံတွေ့ နိုင်မည့်ဆုံရပ်သတ်မှတ်ထားပါ။ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်/ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူ စသည်တို့ကို ရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင်ထားပါ။

ကမ်းခြေများအနီး နေထိုင်သူများ၊ အလုပ်လုပ်ကိုင်နေသူများ၊ ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင် နေသူများ မုန်တိုင်းသတင်းကို စဉ်ဆက်မပြတ် နားထောင်၊ လေ့လာ၍ အထူးသတိပြုနေထိုင်ပါ။ မုန်တိုင်း ဒီရေတက်ရောက်နိုင်သည်ကိုလည်း သတိပြုပါ။
ကုန်းတွင်းပိုင်းဒေသများအနေဖြင့် မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း လေပြင်းတိုက်ခတ် ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ၊ မိုးကြိုးပစ်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည့်အတွက် အထူးသတိပြု နေထိုင်ပါ။

တောင်ကျချောင်းများတွင် ရုတ်တရက်ရေကြီးမှုများဖြစ်လာနိုင်သဖြင့် တောင်ကျချောင်းများအနီး နေထိုင်သူများ အထူးသတိထားနေထိုင်ပါ။ လိုအပ်ပါက လုံခြုံသည့်နေရာသို့ ကြိုတင်ရွှေ့ပြောင်းပါ။

မြစ်၊ ချောင်းများအနီးနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည့်နေရာများမှ ခေတ္တရှောင်ရှားနေထိုင်ပါ။ မိမိတို့ ရပ်ရွာအတွင်း မုန်တိုင်းဒဏ်ခံနိုင်သည့် နီးစပ်ရာအိမ်များ၊ အဆောက်အဦများသို့ ရွှေ့ပြောင်းနေထိုင်သည် ဖြစ်စေ၊ သတ်မှတ်ထားသည့် ဘေးလွတ်ကင်းရာနေရာများသို့ ရွှေ့ပြောင်းသည်ဖြစ်စေ COVID-19 ကူးစက် ရောဂါဆိုင်ရာ လိုက်နာရမည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာပါ။

ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရေးအတွက် လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ အိမ်များ အားဖြည့်ပြင်ဆင်ပေးခြင်းတို့ကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။
ပူးပေါင်းပါဝင်ရေး
ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် အောက်ပါကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက် နိုင်ပါရန် အကြံပြုအပ်ပါသည်-   
-    နေအိမ်အဆောက်အဦများ၏ ခိုင်ခံ့မှုကို စစ်ဆေးပါ။
-    လေဒဏ်ခံနိုင်စေရေးအတွက် အမိုး၊ အခင်း၊ အကာများတွင် ထောက်တန်းများ၊ ဒေါက်တိုင်များကို လိုအပ်သလို ဖြည့်စွက်ဆောင်ရွက်ပါ။ အဆက်နေရာများတွင် ချောင်ထွက်မနေအောင် ဆောင်ရွက်ပါ။ ယိုင်နဲ့၊ ယိုယွင်းမှုများ ကို ပြုပြင်အစားထိုးပါ။
-    မြေဝင်အိမ်တိုင်များ၊ သိပ်သည်းကျစ်လျစ်စေရန် တိုင်ဖိနပ်ပတ်လည်တွင် မြေဖို့ပါ။
-    သွပ်မိုးအစွန် နေရာများတွင် သွပ်၊ သံ စိပ်စိပ်ရိုက်ပါ။ ဓနိ/သက်ငယ်မိုးများတွင် ဝါရာဇမတ်ကွက် (ကြက်နင်း) ဖြင့်အုပ်မိုးပါ။ သွပ်နန်းကြိုး/နှီး စသည်တို့ဖြင့် ခိုင်မြဲစွာချည်နှောင်ပါ။
-    သက်ဆိုင်ရာဌာနများအလိုက် ထုတ်ပြန်ကြေညာသော မိုးလေဝသသတင်းများ၊ အကြံပြုချက်များ၊ သတိပေးချက်များကို လိုက်နာဆောင်ရွက်ပါ။ အခြားသူများကိုလည်း မျှဝေပေးပါ။
-    ပြည်သူများအနေဖြင့် မုန်တိုင်းဖြစ်ပေါ်မှု အခြေအနေနှင့်ပတ်သက်၍ စဉ်ဆက်မပြတ်လေ့လာကာ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများအတိုင်း လိုက်နာဆောင်ရွက် ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ၂၄ နာရီဖွင့်လှစ်ထားရှိသော Hot-line ဖုန်းများဖြစ်သည့် ဝ၆၇-၃၄၀၄၆၆၆ နှင့် ဝ၆၇-၃၄၀၄၇၇၇ တို့သို့ အချိန်မရွေးဆက်သွယ်သတင်းရယူ အကူအညီတောင်းခံနိုင်ပါကြောင်း ပြည်သူသို့ အသိပေးနှိုးဆော်ထားပါသည်။

တိရစ္ဆာန်နှင့် မိုးလေဝသနိမိတ်
ဗဟုသုတတစ်ရပ်အနေဖြင့် မျှဝေလိုပါသည်။ ရှေးယခင်က မိုးလေဝသအထူးပညာရှင်များသည်လည်း၊ မျက်မှောက်ကာလကဲ့သို့ မတိုးတက်မဖွံ့ဖြိုးသေးသဖြင့် တိရစ္တာန်လေးများ၏ အပြုအမူအနေအထိုင်ကိုကြည့်၍ လူသားတို့က မိုးလေဝသအခြေအနေကို တွက်ချက်ခန့်မှန်းကြရသည်။ တိရစ္ဆာန်များစောစောအိပ်တန်းတက် လျှင် မကြာခင်လေပြင်းတိုက်ခတ်မည်။ ကျီးကန်းများအသိုက်ကို သစ်ပင်ခွဆုံတွင် ဆောက်ထားခြင်း၊ အသိုက်အုံထူထူထဲထဲဆောက်ထားခြင်းက ထိုနှစ်တွင် လေပြင်းမုန်တိုင်းကျပြီး မိုးကြီးနိုင်သည်။
ငှက်များ သစ်ပင်ကိုင်းဖျားတွင် အသိုက်လုပ်နေပါက လေပြင်းအန္တရာယ်အတွက် စိုးရိမ်စရာမလိုအပ် ပေ။ ပုရွက်ဆိတ်များအုပ်စုလိုက် အမြင့်သို့ပြောင်းရွှေ့နေခြင်း၊ အစာသယ်ဆောင်နေခြင်းက မိုးကြီး၊ ရေကြီးသည့်နှစ်ဖြစ်ပြီး ငလျင်အန္တရာယ်လည်း စိုးရိမ်ရသောနှစ်ဖြစ်သည်။ ရေထည့်ထားသော စဉ့်အိုး၊ ရေတိုင်ကီများအောက်မှ ဖားများအော်နေလျှင်၊ ပုဇဉ်းရင်ကွဲများ အဆက်မပြတ်အော်နေလျှင်၊ ပျံလွှားငှက်များ ခပ်နိမ့်နိမ့်ပျံနေလျှင်၊ ညဘက်တောက်တဲ့သတ္တဝါများ မနားတမ်းအော်နေလျှင် တစ်ရက်နှစ်ရက်အတွင်း မိုးရွာတော့မည့်နိမိတ်ဖြစ်ကြောင်း မှတ်သားရပါသည်။

အချုပ်အားဖြင့်ဆိုသော် ငလျင်လှုပ်ခတ်ခြင်း၊ မြေပြိုခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မီးလောင်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များသည် ကမ္ဘာနှင့်အဝှမ်း နှစ်စဉ်ဖြစ်ပွားလေ့ရှိနေသည်။ ယင်းတို့အနက် ရေလွှမ်းမိုးခြင်းနှင့် လေမုန်တိုင်းတိုက်ခြင်းတို့ကို မိုးလေဝသပညာရှင်များက အထက်ဖော်ပြပါ “COVID-19 ကာလ မုန်တိုင်းငယ်နှင့်မေလလယ်” သတင်းစဉ်များအတိုင်း ကြိုတင်တွက်ချက်၍ ခန့်မှန်းအသိပေးနိုင်သည့်အတွက် ပြည်သူပြည်သားများအနေဖြင့် မိမိဘဝအတွေ့အကြုံများအရ မြင်တွေ့ ကြားသိနေရသည့် အဖြစ်အပျက်များအပေါ်သင်ခန်းစာယူ၍ တတ်နိုင်စွမ်းသမျှရှောင်ရှားနိုင်ကြမည်ဖြစ်ပါ သည်။    
                                
  ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ