နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသားစာပေဆုရှင်တို့၏ ရင်တွင်းစကားသံများ

ရန်ကုန်  ဒီဇင်ဘာ   ၅

မြန်မာ့စာပေလောကတွင် ဘဝတစ်သက်တာစာပေလေ့လာရေးသားပျော်မွေ့ခဲ့ကြသည့် စာပေကို  မြတ်နိုးကာ ပြည်သူတို့အားအသိပညာတိုးပွားစေသည့် စာပေများဖော်ကျူးခဲ့ကြသော စာရေးဆရာကြီးများ  အား နှစ်စဉ်နိုင်ငံတော်က အမျိုးသားတစ်သက်တာစာပေဆုနှင့် အမျိုးသားစာပေဆုများကို ရွေးချယ်ချီးမြင့် ဂုဏ်ပြုခဲ့သည်။ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားတစ်သက်တာစာပေဆုနှင့် အမျိုးသားစာပေဆုများကို  ရွေးချယ်ထုတ်ပြန်ခဲ့ရာ အမျိုးသားစာပေတစ်သက်တာဆုရရှိခဲ့ကြသည့် စာရေးဆရာကြီးနှစ်ဦးနှင့် အမျိုးသား စာပေဆုရ စာရေးဆရာအချို့အား မြန်မာ့အလင်းမှတွေ့ဆုံမေးမြန်းခဲ့ပါသည်။
အမျိုးသားစာပေတစ်သက်တာဆု
ဆရာကြီးဦးညွန့်မောင်(မောင်မောင်ညွန့်-မန်းတက္ကသိုလ်)
ဆရာကြီးဦးမောင်ညွန့်၏ ရင်တွင်းစကားသံမှာ- အရင်ကစာပေဆုနှစ်ဆုရခဲ့ဘူးတယ်။ ၁၉၉၈ ခုနှစ် က ပခုက္ကူဦးအုန်းဖေ စာပေဆုပြိုင်ပွဲမှာ ‘ကျမ်း’ စာပေပထမဆုနဲ့ ၁၉၉၉ ခုနှစ်မှာလည်း ပခုက္ကူဦးအုန်းဖေ  စာပေဆုပြိုင်ပွဲမှာ ‘သုတေသနစာပေ’ ပထမဆုကိုရရှိခဲ့ပါတယ်။ စာပေကိုလေ့လာခဲ့တာကတော့ငယ်စဉ်  ကျောင်းသားဘဝကတည်းကပါပဲ။ ခေတ်စာပေထက်သမိုင်းနဲ့ပတ်သက်တာတွေ၊ ကျမ်းစာပေတွေကိုပိုပြီး  စိတ်ဝင်စားခဲ့တာဆိုတော့ အဲ့ဒီလိုစာပေတွေရေးသားခဲ့တယ်။ လူငယ်တွေအနေနဲ့ စာပေအမျိုးအစားစုံစုံ  လင်လင်ဖတ်စေလိုတယ်။ မြန်မာလို၊ အင်္ဂလိပ်လိုဖတ်စေချင်တယ်။ ခေတ်စာပေနဲ့ရှေးဟောင်းစာပေတွေကို ဖတ်နိုင်ရင် ဗဟုသုတမျိုးစုံရပြီး အတွေးအခေါ်နဲ့စဉ်းစားချင့်ချိန်နိုင်မှု ပိုရစေတာပေါ့။ နိုင်ငံအတွက်နဲ့ မိမိဘဝ အတွက်ပါ တန်ဖိုးရှိတဲ့သူအဖြစ် နေထိုင်သွားနိုင်ပါတယ်။
ဆရာကြီးသည် ၁၉၂၉ ခုနှစ်တွင် အဖဦးပိုး၊ အမိဒေါ်ဂေါက်တို့မှ တောင်သာမြို့နယ်၊ နွားတဲရွာတွင် မွေးဖွားခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် မန္တလေးမြို့ လှသိပ္ပံအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်  ပြီး ၁၉၇၀ ပြည့်နှစ်တွင် မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(မြန်မာစာ)၊ ၁၉၇၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ  စာကြည့်တိုက်ပညာဘွဲ့လွန်ဒီပလိုမာရရှိခဲ့သည်။ တက္ကသိုလ်များဗဟိုစာကြည့်တိုက်တွင် စာကြည့်တိုက် မှူး-၂ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူကာ တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဌာန၌ အကြံပေး အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၆ ခုနှစ်ကစပြီး စာပေများရေးသားခဲ့ရာ ပညာရပ်ဆောင်းပါး နှင့် စာပေဆောင်းပါး ၃၅ ခုခန့်ရေးသားခဲ့ပြီး ယခုအခါ အမှတ် ၄၇၅၊ ဗဟိုလမ်း၊ ၃၅ ရပ်ကွက် ဒဂုံမြို့သစ် မြောက်ပိုင်း၊ ရန်ကုန်မြို့၌နေထိုင်လျက်ရှိသည်။
     ဆရာကြီးဦးအံ့မောင် (အံ့မောင်)
အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီးဦးအံ့မောင်၏ ရင်တွင်းစကားသံမှာ- ၁၉၇၄ ခုနှစ်မှာ အမျိုးသားစာပေဆု(ဘာသာပြန်)ကို ‘ရေသူမကလေးအန်းဒါးဆင်း’ ပုံဝထ္ထုများနဲ့ရရှိခဲ့တယ်။ နောက်ပြီး ‘စိန်ပွင့် မြပွင့် ပတ္တမြားပွင့်’ ကဗျာများစာအုပ်နဲ့ တောဘုရားကလေးရသစာပေဆုကို ၂၀၀၉ ခုနှစ်မှာ ရရှိဖူးတယ်။ မြန်မာစာပေလောကအနေနဲ့ကတော့ စာပေ၊ ပေစာနဲ့မိုဘိုင်းစာပေအားလုံးကို တတ်ကြပါစေလို့ပြောလိုပါ တယ်။ တိုင်းပြည်အတွင်းမှာ ဆုံးရှုံးနေတာကြာပြီဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်ရရှိအောင် စာပေ ကနေကြိုးစားရေးသားတာတွေ လိုအပ်ပါတယ်။ ငြိမ်းချမ်းမှလည်း လူငယ်တွေအရွယ်ရောက်လာတဲ့အခါ  ပညာပြည့်ဝပြီး ထိုက်တန်တဲ့အလုပ်ကိုယ်စီနဲ့ ကျန်းမာချမ်းသာတိုးတက်တဲ့လူငယ်တွေ ဖြစ်လာမှာပါ။
ဆရာကြီးဦးအံ့မောင်၏ဇာတိမှာ မုံရွာမြို့အနီး လယ်ဇင်ရွာဖြစ်ပြီး ၁၉၃၂ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်တွင် မွေးဖွားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၅၇ ခုနှစ်တွင် ဥပဒေဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၁ ခုနှစ်တွင်  သတင်းစာဒီပလိုမာ၊ ၁၉၅၆ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနဘွဲ့ရ စာကြည့်တိုက်ပညာပထမအဆင့်ရရှိ ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနနှင့် အင်္ဂလိပ်စာဌာနတို့တွင် နည်းပြ၊ မော်ကွန်းသတင်းမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်၊ ဆင်ဟွာသတင်းဌာနတွင် ဘာသာပြန်၊ မြန်မာနိုင်ငံစာရေးဆရာသမဂ္ဂတွင် နာယကနှင့် မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂတွင် နာယကတာဝန်တို့ကို ထမ်းဆောင်ခဲ့သည်။ ဂျာနယ်၊ ဆောင်းပါး၊ ကဗျာ၊ ဘာသာပြန်၊ ပုံဝထ္ထု၊ ဝထ္ထုနှင့်စာအုပ်များစွာရေးသားခဲ့ပြီး မကြာမီက သုဝဏ္ဏသာမဇာတ်ပေါင်းခန်းကဗျာ စာအုပ်ကို ရေးသားခဲ့သည်။ ယခုအခါ မုံရွာမြို့အေးသာယာရပ်ကွက်၊ ညောင်တစ်ပင်လမ်း၊ ဈေးသစ်အနီးတွင်  ဇနီးဒေါ်ခင်အုန်းမြင့်နှင့်အတူ သား၊ မြေးများနှင့် နေထိုင်လျက်ရှိသည်။
အမျိုးသားစာပေဆု (ဝထ္ထုရှည်)
ဆရာဦးမိုးကျော်ဇင် (မိုးကျော်ဇင်)
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၌ ၁၉၈၂ ခုနှစ်၊ မတ် ၂ ရက်တွင် အဖဦးကျော်မြင့်၊ မိခင်ဒေါ်ခင်ဝိုင်းတို့ကမွေးဖွားခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ကညွတ်ကွင်းအထက်တန်းကျောင်းမှ တက္ကသိုလ် ဝင်တန်းအောင်မြင်ခဲ့ကာ ၂၀၀၈ ခုနှစ်မှစ၍ နိုင်ငံခြားသင်္ဘောသားအဖြစ်လုပ်ကိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ ရွှေအမြုတေမဂ္ဂဇင်း၏ ရွှေအသစ်ကဏ္ဍတွင် ‘နယ်နိမိတ်မရှိတဲ့နိုင်ငံ’ ဝထ္ထုတိုဖြင့် စာပေလောကသို့ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ‘ရန်ကုန်မြစ်၏တစ်နေရာ’မဂ္ဂဇင်းဝထ္ထုတိုများ၊  ၂၀၁၈ ခုနှစ်တွင် ‘အခန်းနံပတ် ၆ ၊ ‘အိုအင်း၀’အက်ဆေးအချို့နှင့် ဆောင်းပါးအနည်းငယ်၊ ၂၀၁၉ ခုနှစ်တွင်  ‘ငါးဖမ်းသမား’ဝထ္ထုတိုနှင့် ‘ချက်ကော့ရဲ့သေနတ်’ဝထ္ထုတို၊ ၂၀၂၀ ပြည့်နှစ်တွင် ‘လက်ဖက်ရည်ဆိုင်ထဲကအိမ်’  လုံးချင်းဝထ္ထုတို စသည်တို့ကိုရေးသားထုတ်ဝေခဲ့သည်။
စာပေကိုရေးသားတဲ့အခါမှာ ဘာကိုရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ရေးသားခဲ့တာမရှိပါဘူး။ တွေ့၊ မြင်၊ ခံစားရတဲ့အပေါ်မှာ ရေးသားခဲ့တာပါ။ အမျိုးသားစာပေဆုရမယ်လို့မမျှော်လင့်ခဲ့ပါဘူး။ မမျှော်လင့်ဘဲဆု ရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ အခုလိုအပြင်ထွက်ပြီး လေကောင်းကောင်းရှူလို့မရတဲ့ကာလမှာ ဆုရရှိတဲ့အတွက် မိသားစုနဲ့ရေးဖော်ရေးဖက်မိတ်ဆွေတွေ ပီတိဖြစ်ဝမ်းသာနေကြပါတယ်။ အားလုံး ဝမ်းမြောက်ခွင့်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ငါးဖမ်းသမားဝထ္ထုတိုကို ရေးရတဲ့အကြောင်းရင်း က ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ကမ္ဘာ့ပင်လယ်ပြင်မှာဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရတယ်၊ အသက်ရှင်ဖို့အတွက် ဘယ်လိုရုန်းကန်ရတယ်၊ ဒီလိုခေတ်မှာဒီလိုနေထိုင်နေရပါတယ်ဆိုတာ ကြုံတွေ့ရမှုကို  ကမ္ဘာ့တစ်နေရာမှာ တကယ်ရှိနေပါတယ်ဆိုတဲ့အကြောင်းကို သတင်းစကားပါးချင်တာပါ။
အမျိုးသားစာပေဆု(ဝထ္ထုတို)
 ဆရာမခင်ဖုဏ်းရည် (နတ်မောက်အနီချို)
     ဆရာမကြီး၏အမည်ရင်းမှာ ခင်ဖုဏ်းရည်ဖြစ်ပြီး အဖဦးဘုန်းကျော်(နတ်မောက်ဘုန်းကျော်)၊ အမိဒေါ် အေးရီ(ညိုညက်)တို့က ၁၉၄၆ ခုနှစ်၌ နတ်မောက်မြို့တွင် မွေးဖွားသည်။ ၁၉၆၉ ခုနှစ်တွင် ပညာရေး တက္ကသိုလ်မှ B.Ed ဘွဲ့နှင့်၂၀၀၅ ခုနှစ်တွင် နိုင်ငံခြားဘာသာတက္ကသိုလ်မှ M.A(Eng:)ဘွဲ့ကိုရရှိခဲ့သည်။  တိုင်းအမျိုးသမီးပညာအုပ် (အိမ်တွင်းမှုသိပ္ပံ)အဖြစ် ၁၉၆၉ ခုနှစ်မှ ၁၉၇၃ ခုနှစ်ထိ မကွေးတိုင်းတွင်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၇၃ ခုနှစ်နောက်ပိုင်း အထက်တန်းပြဆရာမအဖြစ် အ.ထ.က(၁)ရန်ကင်း၊ အ. ထ.က.(၆) စစ်တွေနှင့် အ.ထ.က(၂)တာမွေတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှစတင်၍  ကဗျာရေးသားခဲ့ပြီး တိုင်းရင်းမေဂျာနယ်၊ ငွေတာရီ၊ ရှုမဝ၊ စန္ဒာ၊ စစ်ပြန်၊ မဟေသီ၊ လုံမလေး၊ စံပယ်ဖြူစသည့်  မဂ္ဂဇင်းများ၌ ကဗျာ၊ ဝထ္ထုတို၊ ဝထ္ထုရှည်၊ ဆောင်းပါးများရေးသားခဲ့သည်။ လုံမလေးမဂ္ဂဇင်းတွင် ဘာသာပြန် အခန်းဆက်ဝထ္ထုရှည်များရေးသားခဲ့ပြီး မိုးတိမ်တောင်များနှင့် အခြားဝထ္ထုတိုများ၊ ကဗျာအလှစာအလှ၊ ရတနာအနှစ်သမီးချစ်၊ တိမ်ဖြူတစ်ဆုပ်နွားတစ်အုပ်ကလေးပုံပြင်များ ရေးသားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်  လေးကျွန်းကြာခိုင်နှင့် ၂၀၁၉ ခုနှစ်၌ လမ်းဆုံးတော့ရွာနှင့် မဂ္ဂဇင်းဝထ္ထုရှည်များကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အချစ်ခါးခါအမုန်းချိုချိုစာအုပ်ကိုလည်းကောင်း ရေးသားခဲ့သည်။ ဘာသာပြန်အနေဖြင့် မေကံကောင်း၊ ကိုယ့်ကိုယ်ကိုယ်ကိုး တိုး၍သာဝင်၊ ဝါဆိုလပြည့်လက်ဖက်ရည်ဆိုင်၊ အမေ့ခံအတိတ်၊ အသက်ဆက်အားအင် စသည့်စာအုပ်များရေးသားခဲ့ပြီး ၂၀၁၄ ခုနှစ်၌ အမျိုးသားစာပေဆု(ဘာသာပြန်)ကို ကိုယ့်ကိုယ်ကိုယ်ကိုး တိုး၍သာဝင် စာအုပ်ဖြင့်ရရှိခဲ့သည်။ ယခုအခါ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၂ ရပ်ကွက်၌ နေထိုင်ကာ စာပေများရေးသားလျက်ရှိသည်။
     လမ်းဆုံးတော့ရွာ မဂ္ဂဇင်းဝထ္ထုရှည်ဟာ ဝထ္ထုတို ၁၃ ပုဒ်ထဲမှာ နောက်ဆုံးပုဒ်ပါ။ ၂၀၁၅ ခုနှစ်အကြို နတ်မောက်ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မော်ကွန်းစာစောင်ထဲက ဝထ္ထုတိုထည့်ထားတာပါ။ ရန်ကုန် ကနေ ကျောက်ပန်းတောင်းကြေးနီရထားကိုစီးနင်းတဲ့ အမျိုးသမီးတစ်ဦးရဲ့အမြင်ကိုအခြေခံပြီး ရေးသားခဲ့တာ ပါ။ သူ့အိမ်မက်ထဲမှာ ရထားစီးပြီးတွေ့ရတဲ့လူတွေ၊ အဖြစ်အပျက်တွေကို မခင်မျိုးချစ်ဆိုတဲ့အမည်နဲ့‌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံစံမျိုးပေါ့။ ပထမသူစီးနေတဲ့ရထားဟာ ဘယ်လိုရထားဆိုတာမသိဘူး၊ နောက် ဗိုလ်ချုပ်အောင်ဆန်း နတ်မောက်ကိုရထားစီးပြီးပြန်တဲ့အခါ အဖြစ်အပျက်တွေထည့်ထားတယ်။ ပြီးတော့ စားနပ်ရိက္ခာပင်မပေးနိုင်တဲ့ လယ်ယာမြေတွေကို လက်တစ်ဆုပ်စာငွေကြေးနဲ့ လဲလိုက်တဲ့အခါ တိုင်းပြည်မှာ အခက်အခဲများစွာဖြစ်သွားနိုင်တယ်ဆိုတာ နိမိတ်ပုံပြပြီးရေးထားတာပါ။ မြေယာတွေပျောက်ကွယ်သွားရင် လူတွေအခက်အခဲကြုံရမယ်။ တောင်သူတွေ၊ တရားစီရင်ရေးနဲ့ ပညာရေးကဏ္ဍတွေကို ရေးဖွဲ့ထားပြီးတော့သူရထားစီးရင်းအိမ်မက်မက်ခဲ့တာကို ပြန်သတိရတဲ့အခါ သူသွားနေတဲ့ခရီးဟာ ဗိုလ်ချုပ်သွားခဲ့တဲ့ခရီးဖြစ် တယ်ဆိုတာ သတိပြုမိလာတယ်။ ဘယ်ကိုသွားတဲ့ရထားမှန်းမသိပေမယ့် လမ်းဆုံးရင်ရွာရောက်မှာပဲဆိုပြီး  ရေးဖွဲ့ထားတာပါ။
ဒီဝထ္ထုတိုရေးတဲ့အချိန်ဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမစသေးပါဘူး။ လမ်းဆုံးတော့ရွာဝထ္ထုတိုကိုမိုး ကုပ်သဟာရစာပေဆုအဖြစ်၂၀၁၉ ခုနှစ်မှာ ရခဲ့ပါသေးတယ်။ စာပေဟာအချိန်ကာလ ကြာညောင်းပေမယ့်               ပြန်လည်ဖတ်ရှုခံစားလို့ရတာကြောင့် အချိန်ကာလတိုက်စားမှုကို ခံနိုင်တဲ့ရတနာတစ်ပါးအဖြစ်ပိုပြီး နားလည်းခံစားမိပါတယ်။ ဆုရရှိတဲ့အပေါ် ဝမ်းသာဂုဏ်ယူပါတယ်။ စာဖတ်ပရိသတ်က လက်ခံတန်ဖိုးထား တယ်ဆိုတာသိရတဲ့အတွက် ပိုပြီးဝမ်းသာမိပါတယ်။

အမျိုးသားစာပေ( စာပဒေသာဆု)
ဆရာတင့်ထွန်းနိုင် (ဉာဏ်ဝေ-မြစ်သာမြေ)
ဆရာတင့်ထွန်းနိုင်သည် ၁၉၉၄ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့နယ်၊ နတ်ချောင်းရွာတွင် အဖဦးအောင်ဖြိုး၊ အမိဒေါ်တင်တင်ဝင်းတို့မှ ဖွားမြင်ပြီး ၁၉၉၉ ခုနှစ်ထိ နန်ချောင်း  အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး နောက် ၂၀၁၂ ခုနှစ်တွင် မုံရွာပညာရေးကော်လိပ်သို့တက်ရောက်ကာ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူး၍ B.E.D ဘွဲ့(ပညာရေးဘွဲ့)ကို ရရှိသည်။

ပညာရေးကောလိပ်တက်ရောက်စဉ် မင်္ဂလာမောင်မယ်တွင် ကဗျာ၊ ဆောင်းပါးများရေးသားကာ ပညာရေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင်လည်း  မောင်ငြိမ်းချမ်း(မြစ်သာမြေ)၊ တမာမြေမောင်တင်ထွန်းအမည်ဖြင့် ကဗျာရေးသားခဲ့သည်။ ၂၀၁၆ ခုနှစ်တွင်  မောင်ငြိမ်းချမ်း(မြစ်သာမြေ) ကလောင်ဖြင့် ပညာတန်ဆောင်ဦးသန်းညွန့်ဝထ္ထုလတ်စာမူ ပထမဆုရရှိပြီး ၂၀၁၇ ခုနှစ်၌ အထူးဆုဆက်လက်ရရှိခဲ့သည်။ ‘နှင်းတောင်တန်းကပန်းဥယျာဉ်’ စာမူဖြင့် ၂၀၁၉ ခုနှစ် အမျိုးသားစာပေ စာပဒေသာဆုကိုရရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါစစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊         နချောင်းအထက်တန်းကျောင်းတွင် အထက်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဒီစာအုပ်ဟာ ကျွန်တော်တစ်ဦးတစ်ယောက်ထဲအတွက် ရရှိတာမဟုတ်ပါဘူး။ နာဂတောင်တန်းနဲ့ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးဒေသက ဘဝတူဆရာ၊ ဆရာမတွေအတွက်ရရှိတာလည်း ဖြစ်ပါတယ်။ အားလုံး ကို ဂုဏ်ပြုတယ်လို့ခံယူပါတယ်။ အဲ့ဒီဒေသကိုမရောက်ဖူးသေးတဲ့ဆရာ၊ ဆရာမတွေလေ့လာသိရှိနိုင်ပြီး ထိုဒေသတွေရဲ့ လူမှုဘဝတွေကို တစ်စိတ်တစ်ဒေသမြှင့်တင်နိုင်မယ်လို့ခံယူတယ်။ စာပေတွေဆက်ရေး ဖို့ခွန်အားလည်းဖြစ်စေပါတယ်။ အမျိုးသားစာပေဆုရတဲ့အတွက် ဝမ်းသာပျော်ရွှင်မိတယ်။ မြန်မာပြည် မြောက်ပိုင်းက နာဂတိုင်းရင်းသားအကြောင်းတွေသိပြီး လူမှုစီးပွားဖွံ့ဖြိုးဖို့အတွက် အလှူရှင်တွေပေါ်ပေါက်ပြီး ခရီးသွားလုပ်ငန်းအနေနဲ့လည်း အကျိုးရှိစေချင်ပါတယ်။ အဲ့ဒီမှာတာဝန်ထမ်းဆောင်ကြမယ့် ဝန်ထမ်း တွေအတွက် တစ်စိတ်တစ်ဒေသခွန်အားအဖြစ် ဒီစာအုပ်ကနေပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပေးတဲ့ဆု ဟာဘဝတူဆရာ၊ ဆရာမအားလုံးဂုဏ်ပြုတယ်လို့ခံယူပါတယ်။

ဓာတ်ပုံ - ကနူး -  ညောင်ဦးဖီး






အခြားဆက်စပ်သတင်းများ