နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Pfizer ကိုဗစ်ကာကွယ်ဆေး ပထမဆုံးအသုတ် ဗြိတိန်နိုင်ငံသို့ ရောက်ရှိ

ဒီဇင်ဘာ ၄၊ လန်ဒန်


Pfizer ကုမ္ပဏီထံမှ မှာယူထားသည့် ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်မှာ ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ကာကွယ်ဆေးများမှာ မဖော်ပြသည့် တည်နေရာရှိ ပင်မသိုလှောင်ခန်းသို့ ယူဆောင် သွားပြီး ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ဆေးရုံများ၏ ကာကွယ်ဆေးထိုးနှံရေးစင်တာများသို့ ဖြန့်ဖြူးပေးမည်ဖြစ်သည်။ ဗြိတိန်နိုင်ငံမှာ Pfizer ကုမ္ပဏီထံမှ ကာကွယ်ဆေး အဖုံ သန်း ၄၀ မှာယူထားပြီး (၂ ကြိမ် ထိုးရမည့်အတွက်) လူဦးရေ သန်း ၂၀ ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်မည်ဖြစ်သည်။


ပထမအသုတ် ကာကွယ်ဆေးထိုးနှံပြီးပါက COVID-19 ရောဂါကြောင့် ဆေးရုံတက်ရမှုနှင့် သေဆုံးမှုကို ၉၉ ရာခိုင်နှုန်းအထိ တားဆီးကာကွယ်ပေးနိုင်မည်ဟု အင်္ဂလန်နိုင်ငံ ဒုတိယကျန်းမာရေးအရာရှိချုပ်က ပြောသည်။ ပထမဦးစားပေးစာရင်းတွင် ပါဝင်သူအားလုံး ကာကွယ်ဆေးထိုးနှံပြီး အာနိသင်ထက်မြက်ပါက ယင်းကဲ့သို့ တားဆီးကာကွယ်နိုင်လိမ့်မည်ဟု ပါမောက္ခ ဂျိုနသန်ဗန်တမ်က ပြောသည်။ ကာကွယ်ဆေးကို တတ်နိုင်သမျှ များများ၊ မြန်မြန် ဖြန့်ဖြူးနိုင်ရေးမှာ အဓိကကျသည်ဟု ယင်းက ဆိုသည်။


Pfizer နှင့် BioNTech ကုမ္ပဏီများက ဘယ်လ်ဂျီယံနိုင်ငံတွင် ကာကွယ်ဆေးထုတ်လုပ်ပြီး ဥရောပတူးမြောင်းမှတစ်ဆင့် ဗြိတိန်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်သည်။ ပထမဦးစားပေး ကာကွယ်ဆေး ထိုးနှံမည့်သူများစာရင်းတွင် စောင့်ရှောက်ရေးဂေဟာမှ သက်ကြီးရွယ်အိုများ၊ အသက် ၈၀ နှစ်အထက် အရွယ်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ ပါဝင်နေသည်။


Pfizer ကာကွယ်ဆေးကို အပူချိန် ( အနုတ် ၇၀ ဒီဂရီဆဲလ်စီးယက်)တွင် သိုလှောင်ထားရမည်ဖြစ်ပြီး ဆေးရုံများတွင်သာ ကာကွယ်ဆေး သိုလှောင်ခန်းများ ပြင်ဆင်ထားသည့်အတွက် ကာကွယ်ဆေးများ လေလွင့်ဆုံးရှုံးမှုမရှိစေရန် ပထမဆုံး ကာကွယ်ဆေးထိုးနှံမှုကို ဆေးရုံများတွင်သာ ထိုးနှံပေးဖွယ်ရှိသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ