ဒီဇင်ဘာ ၃
ပရဟိတစိတ်ဓာတ်သည် စိတ်ကောင်းစိတ်မြတ်ဖြစ်ပါသည်။ အများအကျိုးသယ်ပိုး ဆောင်ရွက်ခြင်းသည် မွန်မြတ်သောအလုပ်ပင်ဖြစ်သည်။ ယနေ့ကာလ ရပ်ရွာများတွင် လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာကြ သည်ကို တွေ့ရပေသည်။
ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ရပ်သူရွာသားများ ချစ်ခင်ရင်းနှီးမှု၊ မိမိရပ်ရွာဖွံ့ဖြိုး တိုးတက်မှုကို တိုးပွားစေသည်။ မိမိရပ်ရွာတွင် အသင်းအပင်းဖွဲ့ကာ ကောင်းသောအပြုအမူများကို ပြုလုပ်ကြ သည်မှာ အကျိုးကျေးဇူးများလှပေသည်။ တစ်ဦးနှင့်တစ်ဦး အချင်းချင်းကြား ရိုင်းပင်းကူညီ၊ ဖေးဖေးမမနှင့် နွေးထွေးမှုပေးတတ်ခြင်းသည် လူမှုနယ်ပယ်၏ လူသားပီသမှု သင်္ကေတလက္ခဏာတစ်ခုဖြစ်ပေသည်။
ဤအမူအကျင့်ကောင်းမျိုး လူတိုင်းမှာ မရှိပါ။ မိမိတို့နိုင်ငံတွင် လူတစ်ဦး လူတစ်စုမှသည် အဖွဲ့အစည်းတစ်ခု စသဖြင့် တူရာတူရာ စုစည်းကာ ကူညီပံ့ပိုး၍ လောကအကျိုးသယ်ပိုး နေကြသူများ အဖွဲ့အစည်းများ အများအပြား ရှိနေသည်။ နာရေး၊ သာရေး၊ လူမှုရေးလုပ်ငန်းများ မေတ္တာကို အခြေခံသည့် ဘာသာတရား အဆုံးအမအောက်မှ မြန်မာ့လူ့အဖွဲ့အစည်း၏ ရိုင်းပင်းကူညီမှုစိတ်ဓာတ်ကောင်းများပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုကာလရှည်ကြာလာသည်နှင့်အမျှ လုပ်အားပေးဆောင်ရွက် ကြသည့် စေတနာ့ဝန်ထမ်းများအနေဖြင့် အလုပ်ဝန်ပင်ပန်းမှုများနှင့် ကြုံတွေ့လာရသည်ဖြစ်ရာ စေတနာ့ ဝန်ထမ်းအင်အားလျော့နည်းမှုမရှိစေရန် လူထူအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု စေတနာ့ဝန်ထမ်းသင်တန်း ကို ဒီဇင်ဘာ ၃ ရက်တွင် အင်းစိန်ဆေးရုံ၊ ဆေးပညာဌာနမှ ပါမောက္ခကြီးဒေါက်တာဒေါ်မာမာကြည်ဦးစီး၍ အင်းစိန်ဆေးရုံကြီး၌ အခမဲ့သင်ကြားပို့ချပေးမည်ဖြစ်သည်။ အထူးသဖြင့် တာမွေမြို့နယ်နှင့် မင်္ဂလာတောင်ညွန့် မြို့နယ်များမှ စေတနာ့ဝန်ထမ်းများကို အဓိကထားသော်လည်း အခြားမြို့နယ်များမှ စိတ်ပါဝင်စားသည့် စေတနာ့ဝန်ထမ်းများပါ တက်ရောက်နိုင်ကြောင်းနှင့် သင်တန်းတွင် မိမိကိုယ်ကိုယ် ရောဂါမကူးစက်အောင် ကာကွယ်နည်း၊ ကျန်းမာရေးသုံး ကာကွယ်ရေးပစ္စည်းဝတ်ပုံဝတ်နည်း၊ ချွတ်ပုံချွတ်နည်း၊ လူနာများကို ကိုင်တွယ် ပြုစုမှု၊ အာခေါင်နှင့် နှာခေါင်းတို့ဖတ်ယူနည်း စသည့် လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု နည်းများကို လမ်းညွှန်သင်ကြားပေးမည်ဟု သိရပေသည်။ ကိုဗစ်ကာလရှည်ကြာလာသည်နှင့်အမျှ စေတနာ့ဝန်ထမ်းများများ လိုအပ်လာမည်ဖြစ်ရာ ယင်းသင်တန်းမျးက တစ်ထောင့်တစ်နေရာမှ အားဖြည့်ပေးမည်ဟု မျှော်လင့်ရပေသည်။
လက်ရှိတွင် ဆေးရုံများနှင့် COVID-19 ကုသရေးဌာနများတွင် COVID-19 လူနာများကို ကိုင်တွယ်ကုသမှုပေးနေ သည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကုသမှုအထောက်အကူပြုပညာရှင်များသည် လပေါင်းများစွာ နားရက်မရှိ အလုပ်ဝန်များပိနေရာ စိတ်ဓာတ်ခွန်အားမြှင့်တင်စောင့်ရှောက်ရန်လိုအပ်ပေသည်။ စေတနာ့ဝန်ထမ်းအင်အား များ တိုးပွားလာရေးအတွက် လူငယ်၊လူရွယ်များအနေဖြင့် ပိုမိုပူးပေါင်းပါဝင်ခြင်းဖြင့် COVID-19 ကပ်ရောဂါဘေး ကို ဝိုင်းဝန်းတားဆီးပူးပေါင်းပါဝင်လုပ်ဆောင်စေချင်ကြောင်း . . . . ။ ။