ဒီဇင်ဘာ ၃၊ ဂျိုဟန်နက်စ်ဘတ်
တောင်အာဖရိကနိုင်ငံ၏ အမျိုးသားထီဖွင့်ပွဲတွင် ပေါက်မဲနံပါတ်ကြောင့် မသမာမှုရှိသည်ဆိုသည့် စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။ ပြီးခဲ့သည့်အင်္ဂါနေ့က ဖွင့်လှစ်ခဲ့သည့် PowerBall ထီတွင် ပေါက်မဲနံပါတ်မှာ ၅၊ ၆၊ ၇၊ ၈၊ ၉ အစဉ်လိုက်ဖြစ်ခဲ့ပြီး PowerBall နံပါတ်မှာလည်း ၁၀ ဖြစ်ခဲ့သည်။
အဆိုပါပေါက်မဲနံပါတ်မှာ မသမာမှုဖြစ်သည်ဟု တောင်အာဖရိကနိုင်ငံသားအချို့က စွပ်စွဲခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ပေါက်မဲနံပါတ်ကို ဝယ်ယူထားသူ ၂၀ ဦးရှိပြီး တစ်ဦးလျှင် ရန်းငွေ ၅ ဒသမ ၇ သန်း ( အမေရိကန်ဒေါ်လာ ၃၇၀၀၀၀) ရရှိမည်ဟု ထီအရောင်းဌာနက ပြောသည်။ အခြားသူ ၇၉ ဦးမှာ ၅၊ ၆၊ ၇၊ ၈၊ ၉ ဆိုသည့် နံပါတ်နှင့် တူညီခဲ့သော်လည်း PowerBall နံပါတ် မတူခြင်းကြောင့် တစ်ဦးလျှင် ရန်းငွေ ၆၂၃၈ စီသာ ရရှိမည်ဖြစ်သည်။
ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် တောင်အာဖရိကနိုင်ငံသားအချို့က အဆိုပါဖြစ်ရပ်မှာ မသမာမှုဖြစ်သည်ဟု လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။ တောင်အာဖရိကနိုင်ငံ အမျိုးသားထီကော်မရှင်ရုံး(NLC)က ပေါက်မဲနံပါတ်အတွက် မဲနှိုက်မှုကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး တွေ့ရှိချက်များကို အစီရင်ခံတင်ပြ သွားမည်ဟု ဆိုသည်။
Ref:BBC(KNT)