နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသားရေးစိတ်ဓာတ် ထိန်းသိမ်းစောင့်ရှောက်

ဒီဇင်ဘာ  ၂

ကျွန်ုပ်တို့ မြန်မာလူမျိုးများသည် ရှေးပဝေသဏီကပင် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှာန်းနှင့် နေထိုင်လာ ကြပြီး ကိုယ်ပိုင်ယဉ်ကျေးမှုများရှိခဲ့ပေသည်။ မြန်မာတို့အစဉ်အလာအရ ဝတ်စားဆင်ယင်ပြောဆိုကျင့်ကြံ နေထိုင်မှုအားလုံးသည် မြန်မာမှု မြန်မာ့ယဉ်ကျေးမှုပင်ဖြစ်သည်။ ယဉ်ကျေးမှုဟုဆိုလျှင် စားဝတ်နေရေး အရေးသုံးပါးမှအစ စာပေ၊ ဘာသာစကား၊ အနုပညာ စသည်တို့ အကျုံးဝင်သည်။ ထိုယဉ်ကျေးမှုဟူသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီနိုင်ပါ။ ရာသီဥတုအခြေအနေ၊ ပထဝီအနေအထားအရ ပြောင်းလဲတတ်သည့် ယဉ်ကျေးမှုဟူသော မဏ္ဍိုင်တွင် များစွာမူတည်သည်။

မြန်မာလူမျိုးများတွင် အခြားလူမျိုးများထက် ထူးခြား မွန်မြတ်သော ရိုးရာယဉ်ကျေးမှုများစွာရှိသည်။ မြန်မာတို့သည် ယဉ်ကျေးကြသည်။ သိမ်မွေ့ကြသည်။ ဘာသာတရားကိုင်းရှိုင်းကြသည်။ သူတစ်ပါးအပေါ်တွင် စေတနာထားသည်။ ကူညီတတ်ကြသည်။ အားနာတတ် ကြသည်။ မြန်မာတို့ကား ငွေကြေးမချမ်းသာကြသော်လည်း မေတ္တာ၊ စေတနာချမ်းသာကြသည်။

မြန်မာနိုင်ငံ၏သမိုင်းကြောင်းကို ပြန်ကြည့်လျှင် နယ်ချဲ့လက်အောက် နှစ်ပေါင်း ၁၂၃ နှစ်တိုင် ခါးသီးစွာ နေထိုင်ခဲ့ရသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လုံးဝ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ပြန်လည်ရယူခဲ့ပေသည်။ ၁၉၂၀ ပြည့်နှစ်တွင် ယူနီဗာစတီအက်ဥပဒေကို မျိုးချစ်စိတ်ရှင်သန်ထက်သန်သည့် တက္ကသိုလ်၊ ကျောင်းသား၊ ကျောင်းသူများက ယူနီဗာစတီအက်ဥပဒေတွင် နိုင်ငံသူ၊ နိုင်ငံသားများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ တက္ကသိုလ်ပညာလွတ်လပ်စွာသင်ယူခွင့်ကို ကန့်သတ်ထားသည့်အတွက် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ဦးဆောင်မှုဖြင့် ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ခဲ့ကြသည်။ ကျွန်ပညာရေးကိုဆန့်ကျင်ပြီး အမျိုးသားပညာရေးတည်ထောင်ရန် ဦးတည်၍ ကိုလိုနီနယ်ချဲ့တို့ကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် တော်လှန်တိုက်ခိုက် ခဲ့ခြင်းပင်ဖြစ်သည်။ ယင်းနေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ထားသည်။
တစ်စည်းတစ်လုံးတည်းသော အမျိုးသားရေးစိတ်ဓာတ်ကို လက်ဆင့်ကမ်းသယ်ဆောင် လာမှုကြောင့် ၂၈ နှစ်အကြာတွင် လွတ်လပ်သောနိုင်ငံဘဝသို့ ရောက်ရှိလာခြင်းဖြစ်သည်။ လွတ်လပ်ရေး ရရှိရေးအတွက် အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခြင်း၊ လွတ်လပ်သောနိုင်ငံအဖြစ် ပြန်လည် ရရှိလိုသော ထက်သန်ပြင်းပြသည့် အမျိုးသားရေးအားမာန်တိုးပွားလာခြင်းတို့ကြောင့်ဖြစ်သည်။ မျိုးချစ် စိတ်ဓာတ်ရှိသော မြန်မာလူငယ်လူရွယ်များ၏ စည်းလုံးညီညွတ်မှုစွမ်းအားကြောင့် လွတ်လပ်ရေးကို အရယူ နိုင်ခဲ့ပေသည်။

အမျိုးသားရေးစိတ်ဓာတ်ဆိုသည်မှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့်စိတ်၊ ကိုယ့်တိုင်းပြည်နှင့် ကိုယ့်လူမျိုးကိုထိလျှင် မချိအောင်နာသည့်စိတ်ပင်ဖြစ်သည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာလာရေးနှင့် တိုင်းရင်းသားအားလုံးအတွက် ညီညွတ်မျှတသည့် ဖွံ့ဖြိုး တိုးတက်ရေးကို အမျိုးသားရေးစိတ်ဓာတ်အရင်းခံပြီး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
အမျိုးသားရေးစိတ်ဓာတ်အမွေကို အစဉ်ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့်တာဝန်သည် နိုင်ငံသူ၊            နိုင်ငံသားတို့၏တာဝန်ပင်ဖြစ်ပါကြောင်း . . . . ။         ။






အခြားဆက်စပ်သတင်းများ