ဒီဇင်ဘာ ၂၊ ဘာလင်
ဂျာမနီနိုင်ငံအနောက်ပိုင်း ထရိုင်ရာမြို့ရှိ လမ်းလျှောက်ရာနေရာကို ကားတစ်စီး ဝင်တိုက်မိခဲ့ခြင်းကြောင့် ၉ ပတ်သားအရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါဖြစ်ရပ်ကြောင့် အသက် ၅၁ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားကို ဖမ်းဆီးထားသည်။ ဒေသခံတစ်ဦး ဖြစ်သည့် သံသယရှိသူမှာ အရက် အလွန်အကျွံသောက်ထားသည်ဟု အစိုးရရှေ့နေက ပြောသည်။
အဆိုပါဖြစ်ရပ်ကို နိုင်ငံရေး သို့မဟုတ် ဘာသာရေးလှုံ့ဆော်မှုအဖြစ် သတ်မှတ်ဆောင်ရွက်နေခြင်း မရှိကြောင်း အာဏာပိုင်များက ပြောသည်။ အခင်းဖြစ်ပွားရာနေရာမှာ ကြောက်မက်ဖွယ်ဖြစ်သည်ဟု ထရိုင်ရာမြို့တော်ဝန်က ပြောသည်။
ထရိုင်ရာမြို့၏ နာမည်ကျော် ရိုမန်ဂိတ်တံခါးကို ဦးတည်နေသည့် လမ်းပေါ်တွင် အရှိန်လွန်မောင်းနှင် လာသည့် SUV ကားဖြင့် တိုက်မိခဲ့ခြင်းကြောင့် အချို့သူများ လေပေါ်မြောက်တက်သွားပြီး အခြားသူများမှာ လည်း ကြောက်လန့်တကြား အော်ဟစ်ထွက်ပြေးခဲ့ကြသည်ဟု မျက်မြင်သက်သေများက ပြောသည်။ သံသယရှိသူမှာ တစ်ကီလိုမီတာအကွာအဝေးအတွင်း လူများကို ဝင်တိုက်မိခဲ့ပြီးနောက် ရဲကားက ယင်းကို တားဆီးခဲ့သည်။
သေဆုံးသူ ၅ ဦးမှာ အသက် ၂၅ နှစ်၊ ၅၂ နှစ်၊ ၇၃ နှစ်အရွယ် အမျိုးသမီးသုံးဦးနှင့် ကလေးငယ်၏ဖခင်ဖြစ်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတို့ဖြစ်သည်။ အဆိုပါဖြစ်ရပ်တွင် ကလေးငယ်၏ မိခင်နှင့် တစ်နှစ်အရွယ် အစ်ကိုဖြစ်သူတို့မှာလည်း ဒဏ်ရာရပြီး ဆေးရုံတင်ခဲ့ရသည်။
Ref:BBC(KNT)