နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း

ရန်ကုန်   ဒီဇင်ဘာ   ၁


ရေအရင်းအမြစ်များဖြစ်သော သဘာဝရေထွက်များဖြစ်သည့် တောတောင်စိမ့်စမ်းများမှစ၍ မြစ်၊ ချောင်း၊ အင်းအိုင်ရေတိမ်ဒေသတို့၏ ရေဝေရေလဲဧရိယာများနှင့် ရေဦးဖျားဒေသများရှိ သစ်တောဖုံးလွှမ်းမှုကို ကာကွယ် ထိန်းသိမ်းရမည်ဖြစ်ပေသည်။ ရေသည် သစ်တောများဖုံးလွှမ်းသည့် တော၊ တောင်များမှသည် ပင်လယ်သမုဒ္ဒရာ အထိ စီးဆင်းနေသဖြင့် ရေဝေရေလဲဒေသသည် အလွန်ကျယ်ပြန့်သည်။ သစ်တောဖုံးလွှမ်းမှုကို ကောင်းမွန်သော နေရာများ၌ မြေတိုက်စားမှုအနည်းငယ်သာ ရှိနိုင်သော်လည်း သစ်တောပြုန်းတီးသည့် မြေနေရာများတွင် မြေတိုက်စားမှုပြဿနာဆိုးရွားစွာ ကြုံတွေ့ကြရပေသည်။ သဘာဝသယံဇာတများနှင့် ပတ်ဝန်းကျင်ရေရှည် တည်တံ့ရေးအတွက် စဉ်ဆက်မပြတ် စားသုံးခြင်းနှင့် ထုတ်လုပ်ခြင်းသည် အရေးကြီးပေသည်။

ယင်းကြောင့် သက်ဆိုင်ရာဌာနများက ရေ၊ မြေနှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့အောင် အလေးထား စီမံဆောင်ရွက်လျက်ရှိသည်။ မြန်မာ့သစ်လုပ်ငန်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၏ မူဝါဒနှင့် လမ်းညွှန်ချက်များနှင့်အညီ ထာဝစဉ်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှု မူဘောင်အတွင်းမှ မြန်မာ့ရွေးချယ်ခုတ်လှဲစနစ်ဖြင့် ကျွန်းနှင့် သစ်မာပင်များ ခုတ်လှဲထုတ်လုပ်ခြင်း၊ ခွဲစိတ်ခြင်း၊ သစ်အချောထည်ပစ္စည်းများထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ အပူပိုင်းဇုန်မြို့နယ် ၁၀ မြို့နယ်တွင် ကျေးရွာသုံး ထင်းစိုက်ခင်းဧက ၄၀၀ တည်ထောင်စိုက်ပျိုးခြင်းကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးပေးမည်ဖြစ်သည်။ သစ်တော၊ သစ်ပင်များမှရရှိသည့် အကျိုးကျေးဇူးကို ကျေးလက်ဒေသနေပြည်သူများ နားလည်သိရှိပြီး သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် နှင့် မိမိတို့စိုက်ပျိုးသော သစ်တော၊ သစ်ပင်များမှထွက်ရှိသည့် သစ်နှင့်ထင်းများကို စနစ်တကျ အသုံးပြုတတ်စေ ရန် ကျေးရွာသုံး ထင်းစိုက်ခင်းများကို စိုက်ပျိုးပေးခြင်း ဖြစ်သည်။

အစိမ်းရောင်စီးပွားရေးသည် ရာသီဥတုတည်ငြိမ်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးဆုံးလုပ်ငန်းများအနက် တစ်ခုဖြစ်သည်။ အစိမ်းရောင်စီးပွားရေးလုပ်ငန်းစဉ် များဖြစ်သော ကာဗွန်ထုတ်လုပ်မှုနှင့် လေထုညစ်ညမ်းမှုလျှော့ချရေးစွမ်းအင်နှင့် သယံဇာတများ ထိရောက်စွာ အသုံးချနိုင်ရေးနှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများ ဆုံးရှုံးမှုများအား တားဆီးကာကွယ်ရေး  လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ၏ လူဦးရေ၊ မြို့ပြလူအသုံးအဆောင်နှင့် စက်မှုလုပ်ငန်းများ တစ်နေ့တခြားတိုးပွားလျက်ရှိရာ သဘာဝပတ်ဝန်းကျင်မထိခိုက်စေရေး အလေးဂရုပြု  ဆောင်ရွက်စေချင်ကြောင်း ။           ။






အခြားဆက်စပ်သတင်းများ