နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုနှစ်အတွင်း ဧရာဝတီလင်းပိုင်များ ၈ ကောင်ထက်မနည်း သေဆုံးခဲ့သောကြောင့် မျိုးတုန်းပျောက်ကွယ်မသွားစေရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက သတိပေးလှုံ့ဆော်

ဗန်းမော်  နိုဝင်ဘာ ၃၀

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ဧရာဝတီလင်းပိုင်များ ၈ ကောင်ထက်မနည်း သေဆုံးခဲ့သောကြောင့် မျိုးတုန်းပျောက်ကွယ်မသွားစေရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက သတိပေးလှုံ့ဆော် လျက်ရှိကြောင်း သိရသည်။

အင်တာနက်စာမျက်နှာများမှတစ်ဆင့်လည်း  “ဧရာဝတီလင်းပိုင်များ မရှိတော့တဲ့  အနာဂတ်အတွက် ရော သင်ပြင်ဆင်ထားရဲ့လား” ဆိုသော ခေါင်းစဉ်ဖြင့် ဧရာဝတီလင်းပိုင်များ ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဧရာဝတီလင်းပိုင်များသည် အများအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှ မန္တလေးအထိ၊ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်တွင် ကျက်စားလေ့ရှိကြပြီး ယခုနှစ်အတွင်း ဧရာဝတီလင်းပိုင်အကောင်ရေ ၈ ကောင် ထက်မနည်း သေဆုံးခဲ့သည့်အတွက် ယခုအခါ မြန်မာနိုင်ငံအတွင်း စုစုပေါင်း ဧရာဝတီလင်းပိုင်အကောင်ရေ ၇၀ ကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ဧရာဝတီလင်းပိုင်များကျက်စားရာ မြစ်ကြောင်းများအတွင်း ရှော့တိုက်ငါးဖမ်းခြင်း၊ အဆိပ်ခတ်ငါးဖမ်း ခြင်းနှင့် သတ္ထုတူးဖော်ရေးလုပ်ငန်းများကြောင့် မြစ်ရေညစ်ညမ်းခြင်း စသည်တို့ကြောင့် ယခုကဲ့သို့ ဧရာဝတီ လင်းပိုင်များ သေဆုံးရခြင်းဖြစ်ကြောင်း၊ ထိုသို့ အရေအတွက်လျော့နည်းလာသော ဧရာဝတီလင်းပိုင်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းသည့်အနေနှင့် ဧရာဝတီလင်းပိုင်များကျက်စားရာ မြစ်ကြောင်းများအနီး အရပ်ဒေသများတွင် သဘာဝပတ်ဝန်းကျင်အခြေပြု ခရီးသွားလုပ်ငန်းများကိုလည်း သက်ဆိုင်ရာမှ ဖော်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်၊ ဧရာဝတီလင်းပိုင်နှင့် လက်ပစ်ကွန်ရေလုပ်သားများ အကျိုးတူပူးပေါင်း ငါးဖမ်းသည့် ဓလေ့ကို ကမ္ဘာ့သဘာဝအမွေအနှစ် ပဏာမစာရင်းဝင်အဖြစ် UNESCO အဖွဲ့မှ အသိအမှတ်ပြုထားကြောင်း သိရသည်။

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ