နိုဝင်ဘာ ၂၉၊ ဆစ်ဒနီ
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ နိုဝင်ဘာလအတွင်း စံချိန်တင် ညအပူချိန် ကြုံတွေ့ခဲ့သည်။ ပြီးခဲ့သည့် စနေနေ့ညက ဆစ်ဒနီမြို့၏ အနိမ့်ဆုံးညအပူချိန်မှာ ၂၅ ဒသမ ၄ ဒီဂရီဆဲလ်စီးယက်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။ စံချိန်တင် ညအပူချိန် ကြုံတွေ့ခဲ့ခြင်းကြောင့် နယူးဆောက်ဝေးလ်ပြည်နယ် မီးသတ်တပ်ဖွဲ့က ပြည်နယ်အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသအများစုတွင် မီးသုံးစွဲခွင့် လုံးဝပိတ်ပင်ခဲ့သည်။ ယခုအားလပ်ရက်အတွင်း တောင်ပိုင်းသြစတြေးလျနှင့် ဗစ်တိုးရီးယားပြည်နယ်များအပါအဝင် အခြားဒေသ အများအပြားတွင်လည်း အပူချိန် မြင့်တက်ခဲ့သည်။
ဆစ်ဒနီမြို့ ဗဟိုစီးပွားရေးခရိုင်ရှိ Observatory Hill ပန်းခြံတွင် သမိုင်းတလျှောက် အမြင့်ဆုံး ညအပူချိန် တိုင်းယူရရှိခဲ့သည်။ နိုဝင်ဘာလ ၂၉ ရက် နံနက် ၄ နာရီခွဲအချိန် တိုင်းထွာချက်အရ အပူချိန် ၃၀ ဒီဂရီဆဲလ်စီးယာက်အထိ မြင့်တက်ခဲ့သည်ဟု Sydney Morning Herald သတင်းဌာနက ဖော်ပြသည်။ ဆစ်ဒနီမြို့တွင် Observatory Hill ပန်းခြံ၌ တိုင်းထွာရရှိခဲ့သည့် ယခင်စံချိန်ဟောင်းမှာ ၁၉၆၇ ခုနှစ်ကဖြစ်ပြီး အပူချိန် ၂၄ ဒသမ ၈ ဒီဂရီဆဲလ်စီးယက်ဖြစ်သည်။ ဆစ်ဒနီမြို့တွင် ရိုက်ကူးထားသည့် ဓာတ်ပုံများအရ လူအများအပြား ကမ်းခြေသို့ဆင်း၍ အပူဒဏ်သက်သာစေရန် ရေစိမ်နေကြကြောင်း တွေ့ရသည်။
Ref:BBC(KNT)