မအူပင် မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင်ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာမည့် နေရပ် ပြန်ပြည်သူများကို ၂၁ ရက် ကန့်သတ်စောင့်ကြည့်ရန်အတွက် အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းQuarantine ကြိုတင်ပြင်ဆင်မှုကို မေ ၂ ရက်၊ ညနေ ၅နာရီက ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ နေရပ်သို့ပြန်လည်ဝင်ရောက်လာမည့် ပြည်သူများအား COVID-19 ရောဂါကြိုတင်ကာကွယ် သည့်အနေဖြင့် မအူပင်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် အခန်းပေါင်း ၁၃ ခန်းဖြင့် တစ်ခန်း ၆ ဦးစီ လူဦးရေ ၆၀ ခန့်ထားရှိနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ Quarantine တွင် နေရပ်ပြန်ပြည်သူများအား စားသောက်နေထိုင်ရေးအတွက် အိပ်ဆောင် များဆောင်ရွက်ထားရှိခြင်း၊ ရေချိုးခန်းများ၊ အိမ်သာများအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ လက်ဆေးရန် ဆောင်ရွက်ထားရှိခြင်း၊ အခန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးများ ဆောင်ရွက်ထားရှိခြင်းများကို ခရိုင်/ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်း၍ ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ခိုင် (မအူပင်)