နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်ဂရေးဒေသရှိ မြို့အများအပြားကို သိမ်းပိုက်နိုင်ပြီဟု အီသီယိုးပီးယား စစ်တပ် ထုတ်ပြန်

နိုဝင်ဘာ ၂၈၊ အက်ဒစ်အဘာဘာ

အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်း တိုင်ဂရေးဒေသရှိ မြို့အများအပြားကို ထိန်းချုပ်နိုင်ခဲ့ပြီဟု အီသီယိုးပီးယားစစ်တပ်က ထုတ်ပြန်ခဲ့သည်။ အီသီယိုးပီးယားစစ်တပ်မှာ တိုင်ဂရေးဒေသတွင် တိုင်ဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦးနှင့် ရက်သတ္တပေါင်းများစွာ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အီသီယိုးပီးယား တပ်ဖွဲ့က တိုင်ဂရေးဒေသမြို့တော် မီကယ်လီမြို့မြောက်ပိုင်း ဝီခရိုမြို့နှင့် အခြားမြို့အများအပြားကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး အီဘရာဟင်က ပြောသည်။

တိုင်ဂရေးဒေသကို ထိုးစစ်ဆင်မှု၏ နောက်ဆုံးအဆင့် စတင်ပြီဟု အီသီယိုးပီးယားအစိုးရက ပြောခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ တိုင်ဂရေးဒေသတိုက်ပွဲကြောင့် လူရာပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပြီး လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

တိုင်ဂရေးဒေသတွင် ကြိုးဖုန်းများ၊ မိုဘိုင်းဖုန်းများ၊ အင်တာနက်အဆက်အသွယ်အားလုံး ဖြတ်တောက်ထားခြင်းကြောင့် တိုက်ခိုက်မှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အတည်ပြုရန် ခက်ခဲလျက်ရှိသည်။ တိုင်ဂရေးဒေသရှိ မြို့များကို သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသော်လည်း အရပ်သားအားလုံးကို ကာကွယ်ပေးသွားမည်ဟု အီသီယိုးပီးယားဝန်ကြီးချုပ် အဘေးအာမတ်က အာဖရိက ငြိမ်းချမ်းရေးသံတမန်များကို ပြောခဲ့သည်။ သို့သော် တိုက်ပွဲအဆုံးသတ်ရေးအတွက် ဆွေးနွေးပွဲ လုပ်မည့်အလားအလာကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။ အီသီယိုးပီးယားစစ်တပ်က မီကယ်လီမြို့ကို တိုက်ခိုက်ပါက စစ်ရာဇဝတ်မှုမြောက်နိုင်သည်ဟု ကုလသမဂ္ဂက သတိပေးထားသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ