နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်ကို မေ ၇ ရက်တွင် MNA က ပြေးဆွဲမည်

ရန်ကုန်၊  မေ  ၃

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ကာလအတွင်း စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် ပြေးဆွဲမည့် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)ကို မေလ ၇ ရက်တွင် မြန်မာ အမျိုးသားလေကြောင်းလိုင်း (MNA)က ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)ဖြင့် လိုက်ပါနိုင်သော ခရီးသည်များ၏ စာရင်းကို လည်း ပူးတွဲကြေညာပေးထားပြီး ထိုစာရင်းတွင် ပါဝင်သောခရီးသည်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် လိုက်ပါနိုင်ခြင်းမရှိပါက အစားထိုးဆောင်ရွက်နိုင်ရေးအတွက် သံရုံးဖုန်းနံပါတ် - ၈၁၉၉၀၅၂၈ နှင့် ၉၈၂၇၃၄၄၇ တို့ကို အချိန်မီအကြောင်းကြားပေးရန် မေတ္တာရပ်ခံထားသည်။

လိုက်ပါမည့်ခရီးသည်များ လေယာဉ်လက်မှတ် ဝယ်ယူရရှိရေးအတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ဖုန်းနံပါတ် - ၆၂၃၈၈၆၀၃ ၊ ၉၂၇၀၇၀၅၈ နှင့် အီးမေးလ်လိပ်စာ - flymna@discovertheworld.com.sg တို့ကို တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်းနှင့် လိုက်ပါမည့် ခရီးသည်များအားလုံး မဖြစ်မနေ နှာခေါင်းစည်း(Mask)များ ဝတ်ဆင်ကြရမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

လေယာဉ်ထိုင်ခုံနေရာများ အကန့်အသတ်ရှိသည့်အတွက် သံဃာတော်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ စင်ကာပူနိုင်ငံသို့ ဆေးကုသရန်လာရောက်စဉ် ပိတ်မိနေသည့်လူနာများနှင့် ကျန်းမာရေး ချို့တဲ့သူများကို ဦးစားပေး၍ လိုက်ပါနိုင်စေရန် စီစဉ်ထားကြောင်း၊ ထို့အပြင် ထပ်မံပြေးဆွဲပေးမည့် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်များအတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိရာ အတည်ပြုချက်ရရှိပါက ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ