မေ ၃၊ အော့တဝါ
နေတိုးအဖွဲ့တွင် လေ့ကျင့်မှုလုပ်နေစဉ် ဂရိကျွန်းအနီး ပျက်ကျခဲ့သည့် ကနေဒါရေတပ်ရဟတ်ယာဉ်ပေါ်မှ ပျောက်ဆုံးနေသည့် အမှုထမ်းငါးဦးကို သေဆုံးပြီဟု သတ်မှတ်ထားကြောင်း ကနေဒါစစ်တပ်က ပြောသည်။
ခြောက်ဦးမြောက် အမှုထမ်း၏ ရုပ်အလောင်းကို ပြန်လည်ဆယ်ယူရရှိခဲ့သည်။ ကနေဒါရေတပ်၏ Sikorsky CH-148 Cyclone ရဟတ်ယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးပေ။ အဆိုပါ ရဟတ်ယာဉ်မှာ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က အိုင်အိုနီယန်ပင်လယ်ရှိ ကနေဒါရေယာဉ်စုမှ ခွဲထွက်ပျံသန်းခဲ့ခြင်းဖြစ်ပြီး ကီဖာလိုနီယာကျွန်း ကမ်းလွန်ဘက်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့သော်လည်း ယခုအခါတွင် ရုပ်အလောင်းများ ပြန်လည်ဆယ်ယူနိုင်ရေး လုပ်ငန်းအဖြစ် ပြောင်းလဲဆောင်ရွက်လျက်ရှိသည်။
''ကနေဒါစစ်သည်ခြောက်ဦး အသက်ဆုံးရှုံးမှုအတွက် ကနေဒါနိုင်ငံသားအားလုံးနဲ့အတူ ကျွန်တော် ဝမ်းနည်းမိပါတယ်။ သူတို့အားလုံးက သူရဲကောင်းတွေပါ။ သူတို့ တစ်ယောက်ချင်းစီ ချန်ရစ်ခဲ့တဲ့ ကွက်လပ်တွေကို အစားထိုးဖြည့်ဆည်းလို့ မရနိုင်ပါဘူး''ဟု ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါက ပြောသည်။
Ref:BBC(KNT)