နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြည်လင်လန်းဆန်းသော ပတ်ဝန်းကျင်

နိုဝင်ဘာ   ၂၆

ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေခြင်းဖြင့် စိတ်ရောကိုယ်ပါကြည်လင်လန်းဆန်းကာ နေကောင်းထိုင်သာ ရှိသည်မက ကျန်းမာရေးကိုပါ အထောက်အကူပြုစေသည့်အသိကို လူတိုင်း ဂရုပြုကြရမှာအမှန်ပင်ဖြစ်သည်။  သို့ဖြစ်ရာ စိတ်ကြည်လင်လန်းဆန်းစွာ နေထိုင်ရသော ပတ်ဝန်းကျင်ကို ရရှိရန် မိမိတို့သည် အမှိုက်ကို စနစ်တကျ စွန့်ပစ်သည့်အလေ့အကျင့်ကို ရှင်သန်ဖွံ့ဖြိုးအောင် ကြိုးပမ်းကြရမည်ဖြစ်သည်။ မိမိပတ်ဝန်းကျင်တွင် အမှိုက် သရိုက်ကင်းစင်သန့်ရှင်းမှုရှိခြင်းနှင့် အမှိုက်သရိုက်များဖြင့် ပြည့်နှက်ရှုပ်ထွေးနေခြင်းဟူသည့် အနေအထား နှစ်မျိုး၏ ခံစားမှုချင်း အလွန်ကွဲပြားခြားနားသည်ကို လူတိုင်း သိရှိကြမည်ဖြစ်သည်။ ကျန်းမာခြင်းဆိုရာတွင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ကျန်းမာခြင်း နှစ်မျိုးရှိ၏။ ကိုယ်ကျန်းမာမှ စိတ်ကျန်းမာမည်ဖြစ်သကဲ့သို့ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမည်ဖြစ်၏။

မီးဖိုဆောင်ထွက်အမှိုက်များကို သတ်မှတ်နေရာများတွင် စနစ်တကျစွန့်ပစ်ရန်နှင့် လမ်းသွားလမ်းလာများ၊ ခရီးသည်များသည် အမှိုက်များကို အလွယ်တကူမစွန့်ပစ်ဘဲ လမ်းရှိ အမှိုက်ပုံးများထဲသို့ စနစ်တကျစွန့်ပစ် ရမည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အမှိုက်ပုံးများ တိုးချဲ့ချထားပေးလျက်ရှိသည်။ နိုဝင်ဘာ ၂၄ ရက်က သန့်ရှင်းသောရန်ကုန်အဖွဲ့မှ ပုလင်း ပုံသဏ္ဌာန် အမှိုက်ပုံးကြီးများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လာရောက်လှူဒါန်းရာ ယင်းအမှိုက်ပုံးကြီးများကို အင်းလျားကန်ပေါင်တွင် ထားရှိသွားမည်ဖြစ်သည်။ စွန့်ပစ်အမှိုက်များ ဆွဲဆောင်မှု ရှိသော အမှိုက်ပုံးများထဲသို့ရောက်ရှိမည်ဟု သန့်ရှင်းသောရန်ကုန်အဖွဲ့က မျှော်လင့်ထားသည်။

မိမိဆန္ဒကြောင့် အခြားသူများ မထိခိုက်စေရန် သတ်မှတ်အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်ရန်လိုသည်။ မြို့ပြပတ်ဝန်းကျင်  ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနသည် COVID-19 ကပ်ရောဂါကာလတွင် ထွက်ရှိလာသော အမှိုက်များအား  အဆင်ပြေစွာသိမ်းဆည်းပေးနိုင်ရေး၊ အမှိုက်သိမ်းဆည်းမှုစနစ်တကျဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရပ်ကွက်ကြီး(၉)ရပ်ကွက်နှင့် ကျေးရွာ ၅ ရွာတွင် ကောင်းမွန်သည့် ပတ်ဝန်းကျင်ရရှိစေရန် ဆောင်ရွက်လျက်ရှိရာ ရွှေလင်ဗန်းကျေးရွာနှင့် ရှမ်းချောင်းကျေးရွာများတွင် အမှိုက် အထုပ်ကောက်နှင့် ခေါင်းလောင်းတီးအမှိုက်သိမ်းစနစ်ဝန်ဆောင်မှုပေးလျက်ရှိသည်။

အမှိုက်စွန့်ပစ်သူများအနေနှင့် မြို့ကြီးသားပီသစွာဖြင့် အများသုံးစင်္ကြံနှင့် လူသွားလမ်းများတွင် အမှိုက် နှင့် စက်ဆုပ်ဖွယ်ရာများချမထားရန်နှင့် ကွမ်းတံတွေးများထွေးခြင်း၊ နှပ်ညှစ်ခြင်း၊ သလိပ်တံတွေး၊ အန်ဖတ် အရည်များ စနစ်တကျစွန့်ပစ်ရန် လိုအပ်ပေသည်။ အမှိုက်များကို စနစ်တကျစွန့်ပစ်သည့် အလေ့အကျင့် ကောင်းများကြောင့် စိတ်ကြည်လင်လန်းဆန်းစွာနေထိုင်နိုင်သော ပတ်ဝန်းကျင်ကိုရရှိစေရန် လူတိုင်း ဂရုပြု စေချင်ကြောင်း . . . . ။           ။






အခြားဆက်စပ်သတင်းများ